နှလုံးသားရဲ့ ထောင့်တစ်နေရာ (၁၆)
ကိုလင်း အရေးပေါ်ခန်းထဲ ဝင်နေစဉ် ဆေးရုံသို့ ကိုလင်း မိဘများရောက်လာကြသည် ... ကိုလင်းမိခင်ပါးပြင်မှာလည်း မျက်ရည်များက နေရာယူထားသည် .. ။ ကိုလင်းဖေဖေက အောင်လေးကိုမြင်ဖူးပေမဲ့ နွေးကို တော့ ကြည့်နေသည် .. နွေးလဲ မြင်ဖူးသလိုလိုရှိတာနဲ့ စဉ်းစားကြည့်တော့ ကော်ဖီမှောက်ကျတုန်းက customer ပင် .. နွေး အမှတ်မထင် ...
"ဟာ .. အန်ကယ် ... အန်ကယ်က ကိုလင်း ဖေဖေကိုး " လို့ ရေရွတ်မိသွားသည် ...
ကိုလင်းအဖေက ပြုံးကာ .. "ဟုတ်တယ် .. သမီးနဲ့ သားက သိကြတာလား ... "
"ဟုတ်ကဲ့ ... ခုလည်း ... သူသမီးကို ကယ်ရင်းထိသွားတာ ... " မငိုမိအောင် ထိန်းထားသည့်ကြားမှတိမ်ဝင်သွားသောအသံများက ရှိုက်သံကိုဖော်ပြနေရုံတင်မက မျက်ရည်ပါ အစစ်ကျသွားသေးသည် ...
~~~~ ~~~~~
"ဟင် ! .. သား ဒီလိုဖြစ်တာ ဒီကလေးမကို ကယ်လို့ဆိုပါလား ... ဒါဆို.. ဒါလေးက ငါ့သား အသက်ပါပေးရလောက်အောင် သားက တန်ဖိုးထားရတဲ့ ကလေးမ လေး ပေါ့ .. "
မိဘမေတ္တာရဲ့ ရောင်ပြန်တို့အတိုင်း ပူဆွေးသောက ကြားမှပင် သားသမီးအရေး စိတ်မအေးနိုင်.. ဒေါ်ပပမိုး အကဲခတ်ကြည့်လိုက်သည် ... ။
ထိုစဉ် ကုသမှု ပြီးစီးသဖြင့် လင်းသူ အရေးပေါ်ခန်းမှ ထွက်လာရသော်လည်း သတိမရသေးပေ ...
~~~~ ~~~~~
"အန်တီတို့ အဝတ်အစားသွားယူဦးမယ် .. သမီးတို့၊ သားတို့ ဒီမှာ ရှိနေမယ် မလား .. "
"ဟုတ်ကဲ့ အန်တီ ... " နွေးက ဖြေလိုက်တော့ .. ဦးသစ်နောင်တို့ ဇနီးမောင်နှံ ဆေးရုံခန်းထဲမှ ထွက်ခွာသွားစဉ် .. ဦးသစ်နောင်ရဲ့ အမည်မဖော်နိုင်တဲ့ အပြုံးတစ်ချက်ကိုတော့ မည်သူမှ မြင်လိုက်နိုင်မည်ကား မဟုတ်ချေ.. ။
~~~~ ~~~~
"ဒါနဲ့ ဖြူ .. ဆက် သရုပ်ဆောင်ဖို့က ... "
"ဟာ .. ဒါတော့ ဆက်လုပ်ရမှာပေါ့ ဖြူကလည်း .. လုံးဝ မရပ်နဲ့ ... ဟင်းတွေ လင်းသူ မဝယ်ပေးနိုင်ရင် ကိုဝယ်ပေးမှာပေါ့ .. "
"ဒါပေမဲ့ ခုတောင် သူတို့အပူနဲ့ သူတို့ .. ဖြူကပါ ထပ်ပြီး ... "
"ဒါမှ ဖြူ့ကို မသိတတ်ဘူးဆိုတာ သေချာသွားမှာပေါ့ လက်ထပ်ပွဲပျက်မှ ကိုတို့ mission က အောင်မှာ ... နော် ... "
"အင်း.. အင်း .. သိပြီ.. သိပြီ .. "
အရေးထဲ ဒီနှစ်ယောက်ကတစ်မျိုး .. တစ်ယောက်ကမေး၍ တစ်ယောက်ကဖြေနေကြသေးသည် .. ဒီမှာ သေရေး ရှင်ရေး တိုက်နေရတဲ့ဟာကို .. ။ ဒါပေမဲ့ ဖြူမေးတာတော့လည်း မမှားပေ... ဖြူကတော့ အားနာပေမဲ့ အောင်လေးပြောသလိုပဲ ဆက်လုပ်ရမှာပဲ ဖြစ်သည် ...
နွေးဆေးရုံမှာ တစ်ညလုံး နေပေမဲ့ ကိုလင်း သတိလည်မလာသေး ... ။
"နွေး နင် .. ပြန်လိုက်တော့လေ.. နင်လည်း နေကောင်းတာမဟုတ်ဘူး ... ငါတို့ .. စောင့်နေမယ် .. သတိရတာနဲ့ နင့်ကို လာခေါ်ပေးမယ် .. "ဆိုသော အောင်လေးရဲ့ အပြောကို ဖြူက ထောက်ခံသည် ..
"ဟုတ်တယ်နွေး .. နင် ပြန်လိုက်နော် .. ဘာမှ စိတ်မပူနဲ့ .. သူပြန်ကောင်းလာမှာပါ ... "
"မဟုတ်ဘူး .. သူ သတိပြန်ရလာမှ ငါပြန်မယ်ဖြူ .. နင်က ရုံးသွားရမှာမလား .. သွားလေ .. ငါစောင့်နေမယ် .. ရတယ် ... " လင်းသူကို စိုက်ကြည့်ပြီး နွေးပြောနေတော့ အောင်လေးနဲ့ ဖြူ အချင်းချင်း လက်ကုတ်ကာ .. ပြန်ကြစို့ဆို၍ ခဏ ပြန်သွားကြတော့သည် ... ။
~~~ ~~~~~
ညစောင့်အဖြစ် အောင်လေးနေမယ် ဆိုသဖြင့် အိမ်ပြန်နားသူ ဒေါ်ပပမိုးက မနက်ပြန်လာတော့ ဆေးရုံခန်းထဲမှာ ဘယ်သူမှရှိမနေဘဲ နွေးတစ်ယောက်တည်းသာရှိနေသည် ... ညကတည်းက ခုထိ မအိပ်မနားဘဲ စောင့်နေသည်ဟု တွေးမိသဖြင့် ဒေါ်ပပမိုး အံ့သြသွားသလို သားဘေးမှာ သူတစ်ယောက်ရှိနေပေးလို့ တော်သေးတာပေါ့ ဟူသည့် အတွေးလဲ ဝင်သွားရသည် ..
သားရဲ့ လည်ပင်း၊ လက်နဲ့ ခြေထောက်တွေကို ရေပတ်တိုက်ပေးနေသူ နွေးက သားအပေါ် မည်မျှ မေတ္တာထားသည် ဆိုတာကိုလဲ မြင်တွေ့နေရသဖြင့် ဒေါ်ပပမိုး ကျေနပ်မိသည်ကတော့ အမှန်။
"ဪ .. အန်တီ ... ရောက်လာပြီလား .. " နွေးက သူ့ကို မြင်သွားသဖြင့် .. ခရီးဦးကြို နှုတ်ဆက်ရှာသည် ...
"ရတယ် သမီး .. ဒီမှာ အန်တီ မနက်စာ ဝယ်လာခဲ့တယ် .. သမီးအတွက်လည်းပါတယ် လာစားလိုက်ဦး .. " ပါးစပ်ကလဲပြော လက်ကလည်း တစ်ခါတည်း ပြင်နေသည်မို့ နွေး မနေနိုင်တော့ဘဲ .. ကိုလင်းကို ရေပတ်တိုက်ပေးနေတာတွေ လက်စသတ်ပြီး .. ဒေါ်ပပမိုးပြင်ပေးတဲ့ မနက်စာကို စားလိုက်သည် ...
"ခုမှ စားတာ ဗိုက်မစာဘူးလားကွယ် .. နံနက်ပဲ ၁၀ နာရီထိုးနေပြီ ... ထမင်းချိုင့်ထည့်နေရလို့ အန်တီလည်း နောက်ကျသွားတယ် .. "
"ရပါတယ် အန်တီရဲ့ .. နွေးက မစာပါဘူး .. ကိုလင်းသတိမရသေးတာနဲ့ နွေး အစားစားဖို့တောင် မေ့သွားတယ် ... "
မချိရယ်လေး ရယ်ပြီး သူပြင်ပေးတာတွေ စိတ်ပါလက်ပါ စားနေတဲ့ နွေးကို ကြည့်ပြီး ဒေါ်ပပမိုး ချစ်ခင်သွားသည် ... သားနဲ့က ဘယ်လိုပတ်သက်ပါလိမ့်လို့ စူးစမ်းလိုစိတ်လည်းရှိတာမို့လို့
"သားနဲ့က ဘယ်လို သူငယ်ချင်းတွေ ဖြစ်သွားတာလဲ .. ဟို တမျိုးတော့ မထင်နဲ့နော် .. သားက မိန်းကလေးသူငယ်ချင်းမထားဖူးလို့ အန်တီက သိချင်တာပါ .. "
"မထင်ပါဘူး အန်တီရယ် .. " နွေးလည်း ကိုလင်းအမေက သဘောကျနေတာကို ရိပ်မိတာမို့ လမင်းအိမ်ကြောင့် တွေ့ဖြစ်ခဲ့ပုံကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်သည် ..
ဒေါ်ပပမိုးကတော့ ဒီကလေး ပွင့်လင်းရှာသားပဲ ဟုဆိုကာ... ကိုယ့်ကိုလဲ တရင်းတနှီး ရှိနေတာမို့ အင်မတန် သဘောကျနေတော့သည် .. အိမ်ကဖြူနဲ့ ယှဉ်ကြည့်မိလျှင်ပိုဆိုး ... နွေးကိုသာ သဘောကျပြီး ရင်း ကျနေတော့သည် ...
~~~~ ~~~~~
"နွေး .... ကိုလင်း ... ကိုလင်း လေ... " တဖက်ဖုန်းထဲမှာ ပြောသံက ထိတ်လန့်သလိုဖြစ်နေတာမို့ နွေးဖုန်းချပြီး ဆိုင်မှ ကမန်းကတန်းပြေးထွက်လာခဲ့သည် ..
မနက် ကိုလင်းအမေနဲ့ စကားပြောနေတုန်း ဆိုင်က အရေးကြီးဖုန်း ဝင်လာသဖြင့် ကိုလင်းနှင့် ကိုလင်းအမေကို ထားကာ ဆိုင်ကို ပြန်ပြေးလာရသည် ..
ခုတဖက်မှ အောင်လေးဖုန်းဆက်တော့ လေသံက ဒီလိုဖြစ်နေသည် ... ။ ကိုလင်း ... ကိုလင်း ဘာမှမဖြစ်ပါစေနဲ့ ... နွေးနဲ့သာ လဲလို့ရရင် .. နွေးကိုပဲ ခေါ်ပါလို့ ယမမင်းဆီကို ဆုတောင်းလိုက်ချင်သည် ... တစ်ချိန်က နွေးကို ကိုလင်း စ၊နောက်ခဲ့တာတွေ ... ၊ တစ်ချိန်က ကိုလင်းရဲ့ စူပုပ်ပုပ် မျက်နှာကြားမှ အပြုံးလေးတွေ ... ၊ တစ်ချိန်က ကိုလင်းရဲ့ ဂရုစိုက်မှုတွေက နွေးအမြင်အာရုံထဲ vedio ပြသလို တရိပ်ရိပ်ပေါ်လာနေသည် ....
စိတ်ကယောက်ကယက်နှင့် ဓာတ်လှေကားကိုတောင်မစောင့်ဘဲ ပြေးတက်လာလိုက်တာ .. ဘယ်ကဘယ်လို အခန်းထဲရောက်လာမှန်းတောင်မသိ ... အခန်းထဲရောက်တော့ ကိုလင်းက ခုတင်ပေါ်မှာ လှဲလျက်ပင် .. ။ ခန္ဓာကိုယ်မှာ ထိုးသွင်းထားသော ပိုက်များကလဲ ဖြုတ်ထားပြီးသားဖြစ်နေသည် ... ဒါ.... ဒါဆို ကိုလင်း မရတော့ဘူးဆိုတဲ့ သဘောပေါ့ .... ဟုတ်လား ... မျက်ရည်များလျှံတက်နေသည့် မျက်ဝန်းများနှင့် အခြားသူများကို ကြည့်မိတော့ အောင်လေးနဲ့ ဖြူကလည်း စိတ်မကောင်းဖြစ်နေသည် ... ကိုတင့်နှင့် ကိုနေကလည်း ဟိုဖက်လှည့်နေကြသည် ... ။ နွေး ကိုယ့်ကိုကိုယ် ထိန်းမထားနိုင်တော့ ... ။ ကိုလင်းကုတင်ပေါ်သို့ နွေးတကိုယ် လုံး လဲပြိုကျသွားသည် ... ။
"ကိုလင်း ... အဲလို မလုပ်နဲ့ဟာ ... ထကြည့်ပါဦး ... နွေး ... နွေးကို မေ့လိုက်ပြီလား ... ကိုလင်းကြားချင်တဲ့ စကားကိုတောင် မပြောရသေးဘူးလေ ... နွေးကို ထပြီး မေးပါဦး ကိုလင်းရ ... နွေးကို ... နွေးကို ... ထပြီး စ ဦးလေ ... ကိုလင်း ... ဒီလို မဖြစ်ရဘူးနော် ... ကိုလင်း ... ကိုလင်းကို ဝန်မခံလိုက်ရတာတွေ ကို နွေး .. ဝန်ခံရဦးမယ်လေ ... ကိုလင်းလို့ ... "
ကိုလင်းအမေကိုတော့ မတွေ့သဖြင့် ... နွေး စိတ်ထဲ ရှိသမျှ လွှတ်ချကာ ချုံးပွဲချ ငိုပစ်လိုက်သည် .... ထိုစဉ်
"ဝှါး .... " ဆိုသော အပျင်းဆန့်သံနဲ့အတူ ...
"ဒီတစ်ယောက်နားညီးလိုက်တာကွာ.... ဘာတွေပြောနေတာလဲ ... " ဆိုကာ သူလဲနေရာမှ ထထိုင်သည်...
ဟင်း .. သူ ... သူ ဘာမှ မဖြစ်ဘူးပေါ့ ... သူ နေကောင်းသွားပြီပေါ့ ... နွေးကို အားလုံးပေါင်းပြီး အကြောင်ရိုက်တာပေါ့လေ ... နွေး ကိုလင်းကို ကြောင်ပြီး ကြည့်နေတော့ ..
"ဒါနဲ့ ခုနက ပြောတာ.. ဘာပါလိမ့် .. ဝန်ခံမယ် ဆိုတာ တကယ်နော် ... "
"ဘာလဲ .. မပြောပါဘူး .... "
"ဒီမှာ အသံဖမ်းထားတယ် .. " အသံဖမ်းဘောပင်ကို နွေးလုမယ်လုပ်တော့ သူတို့က အချင်းချင်း ကူကာ ပစ်ပေး၊ ဖမ်းပေးနေကြသည် ...
"အားလုံးမကောင်းဘူးဟာ ... ဖြူ .. နင်ရောပဲ ... "
"ဟင် ... ငါတို့က ကိုလင်း သတိရပြီလို့ ပြောမလို့ဟာ .. သူပဲ ဆုံးအောင်နားမထောင်ဘဲနဲ့ .. " အားလုံးနွေးကို ဝိုင်းဟားကြသဖြင့် ကျနေဆဲ မျက်ရည်တွေတောင် အော်တို အပေါ်ပြန်တက်သွားသလား ထင်ရအောင် ရှက်မိသည် .. နွေး ထွက်ပြေးမယ်လုပ်တော့ ကိုလင်းက နွေးလက်ကို အမိအရ ဖမ်းဆွဲပြီး ...
"အခွင့်အရေးက နှစ်ခါမလာဘူးလေ .. နွေးက ခေါင်းမာတာကို .. ဒီလိုပဲ လုပ်ရမှာပေါ့ .. " ဆိုကာ သူ့ရင်ခွင်ထဲ နွေးရဲ့ ခေါင်းလေးကို ဆွဲဖွက်ထားလိုက်ပါတော့သည် .... ။
~~~~ ~~~~
သတိပြန်ရခါစ သားဖြစ်သူကို ပျော်စေချင်၍ ဒေါ်ပပမိုး ရှောင်ပေးထားခြင်းဖြစ်သည် ... သားရဲ့ ဆေးရုံနံ့ရနေသော အခန်းလေးထဲမှ ရယ်မောသံလေးများက ဒေါ်ပပမိုးရဲ့ စိတ်သောကတို့ကို ဖြေဖျောက်ပေးသကဲ့သို့ ဖြစ်နေတော့သည် ... အိမ်ကလူကိုတော့ ဘာပဲဖြစ်ဖြစ် .. နွေးနဲ့သာ သားကို သဘောတူကြောင်း ဆန္ဒပြရတော့မည် ... ဘယ်လောက်ပဲ ကတိဆိုပေမဲ့ ဖြူလဲ သူ့ချစ်သူနဲ့ သူ ရှိနေသည်မို့ ... ဖြူ့ဖေဖေ နတ်ပြည်မှ ခွင့်လွှတ်နေလိမ့်မည်ဟု ဒေါ်ပပမိုးထင်သည်လေ ... သူလဲ သူ့သမီးကို ပျော်စေချင်မည်ပဲ မဟုတ်ပါလား .. ဒေါ်ပပမိုးလဲ သားဖြစ်သူကို ပျော်စေချင်တာပဲလေ ... လူဆိုတာ အတ္တသားကောင်ပေပဲမို့ ဒေါ်ပပမိုး ကိုယ်လိုသလိုဆွဲတွေးတာ လွန်မယ်မထင်ပါဘူးနော် ... ။
~~~ ~~~~~
ကားတိုက်သွားတဲ့ လူကိစ္စ ဖေဖေ့ကို မေးတော့ ဖေဖေက အားလုံး သူစီစဉ်ထားပြီမို့ စိတ်မပူဖို့ အကြောင်းပြောတာကြောင့် ချစ်သူအသစ်ကလေးနှင့်အတူသာ ပျော်နေချင်သေးသော လင်းသူတစ်ယောက် အရှုပ်ထုပ်များ အားလုံးကို မေ့ထားလိုက်တော့သည် ... ။
"တီ ... တီ.. "
ဆိုင်ရှေ့မှ ကားဟွန်းသံမြည်လာသဖြင့် ကိုလင်းနွေးကို လာကြိုပြီမှန်း သိလိုက်ရသည် ..
"စောလှချည်လား .. အလုပ်တွေကော ပြီးခဲ့ရဲ့လား .. "
"လင်းသူနောင်ပါကွာ ... မပိုင်ရင် ခြင်တောင်မရိုက်ဘူး ... "
"အင်း .. အင်း .. မှတ်တောင်ထားရဦးမယ် ... "
နွေးရဲ့ အပြုံးနဲ့ အသံကို ခုလို မြင်ရ ကြားနေရတာကိုက ဆုလာဒ် တစ်ခုရသလို လင်းသူကို စိတ်ပျော်ရွှင်နေစေသည် ... ချစ်သူကို ဘယ်လိုချစ်၍ ကိုယ့်ကိုကိုယ် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာပါ .. နွေးက သင်ပေးခဲ့တာဖြစ်သည် ... ။
~~~ ~~~~
"ကိုလင်း ... ဘယ်ရောက်နေလဲ ... "
"ငါတို့လား .. ကန်တော်ကြီးထဲမှာ ... "
"ဘာလုပ်နာလဲမင့် ဒီအချိန်ကြီး ... "
"ခုမှ ၉နာရီရှိသေးတယ် အစောကြီးကို.. ပြော .. ဘာပြောမလို့လဲ .. "
"မင်းတော့ မလွယ်ဘူး .. ဒီလောက် အလုပ်မှ အလုပ် တစာစာ အော်နေတဲ့ကောင်က ရည်းစားလဲရ
ရော .. အချိန်ကို မှန်လို့ ... "
"ငါတို့က ဒီအချိန်လေးပဲ တွေ့ရတာလေကွာ ... ပြီးတော့ .. ရည်းစား ရတာ မဟုတ်ဘူးကွ ... ချစ်သူကွ ... ဘဝ လက်တွဲဖော်ကွ .. "
"ဟိုက်ခ်ျ အလာကြီးပါလား .. "
"အလာတွေ .. အပြန်တွေ လုပ်မနေနဲ့ .. ပြောစရာမရှိရင် ဖုန်းချတော့မယ် .. အလကား အချိန်ပုပ်တယ် .. "
"အေး အေး ပြောမယ် ... နက်ဖန် ၁၀ နာရီ mission စမယ်တဲ့ ... အောင်လေးအိမ်မှာ ... "
"အိုကေ ... အိုကေ ... နွေးကိုပြောလိုက်မယ် ... "
~~~~ ~~~~~
ကန်တော်ကြီး ရေပြင်တစ်နေရာမှာ ထိုင်ပြီး ကြည်နူးနေကြသူ ... လင်းသူတို့ အတွဲကို ညအမှောင် တစ်နေရာရဲ့ ကားထဲမှ လှမ်းမြင်နေရသူက ... လမင်းအိမ် ..... ။
"ရော့ ... ဒီမှာ .. မင်းတောင်းထားတဲ့ ပိုက်ဆံ ... တာဝန်ကျေပါတယ် မိန်းကလေး .. မင်း ဒီနိုင်ငံက အပြီးထွက်သွားလို့ရပြီ ... "
လမင်းအိမ် ကားမောင်းသူဘက်မှ ကမ်းပေးလာသော Cheque လက်မှတ်ကို စစ်ကြည့်လိုက်သည် ... ပြောထားတဲ့ ကတိအတိုင်း အတိအကျပဲမို့ လမင်းအိမ် .. ဒီည Flight နဲ့ မိသားစုရှိရာ စင်္ကာပူကို အပြီး ထွက်ခွာတော့မည် ဖြစ်သည် ...
" ဒါနဲ့ တစ်ခုလောက် သိချင်လို့ပါ ... ကျွန်မနဲ့ တော့ သေမလောက် ကန့်ကွက်ခဲ့တယ် .. ခုတော့ ဒီလို အသက်အန္တရာယ်နဲ့ လောင်းကြေးထပ်ပြီး လုပ်ကြံတာ ဘာဖြစ်လို့လဲ ... ဒါမျိုးက တခုခု လွဲချော်သွားရင် ... "
" နွေးက မင်းနဲ့ မတူဘူး ... သူတို့ရဲ့ သံယောစဉ် ခိုင်မာမှုက အသက်ပေးရမယ်ဆိုရင်ရော ရင်းရဲသလားဆိုတာ ... သိချင်လို့ပဲ .... "
"ဒါဆို ... "
"တော်လောက်ပြီး လမင်းအိမ် ... မင်း သိသင့်တာ ဒီလောက်ပဲ ... "
လမင်းအိမ် ကားပေါ်က ဆင်းသွားတော့မှ ဦးသစ်နောင် သက်ပြင်းတစ်ခုကို ရှိုက်ထုတ်လိုက်သည် ... ။ Future Group တစ်ခုလုံးကို ဦးဆောင်မည့် အနာဂတ်ရှိသူကို သေချာ စိစစ်ဖို့တော့ လိုတယ် မဟုတ်ပေလား ... ။ ကိုယ်ရွေးပေးထားတဲ့ သူကို လက်မခံနိုင်တာ သေချာရင် ... သူတို့ ရွေးလာတဲ့သူက ဘယ်လောက် တန်ဖိုးရှိတယ် ဆိုတာကို သိထားရမှာပေါ့ ... ခုတော့ ဦးသစ်နောင် သိလိုက်တယ် ... နွေးရဲ့ တန်ဖိုးက လင်းသူနောင်ရဲ့ အသက်နဲ့ ထပ်တူကျနေပြီပဲ.... ။ သို့ပေမဲ့ ဦးသစ်နောင်ရဲ့ စစ်ဆေးချက်က ရပ်တန့်သွားမှာလား ....
ဦးကောင်းမြင့်ကရော ဖြူ့ကို သဘောတူပါမလား ဆိုတာကတော့ ...... မည်သူသိနိုင်မှာလဲလေ .....
ဆက်ရန်နားခွင့်ပြုပါဦးရှင် ..
ရွှင်လန်းနိုင်ကြပါစေ ..
စာဖတ်သူ သူငယ်ချင်းများကို အစဉ်ချစ်ခင်လျက်
Credit "
ÑoVâ
No comments:
Post a Comment