နှလုံးသားရဲ့ ထောင့်တစ်နေရာ (၁၅)
လမင်းအိမ် သည်းမခံနိုင်လောက်အောင် ဒေါသထွက်ရသည် .. ဆုဆုနွေး ဆိုသော ဒီမိန်းမ မရှိလျှင် လင်းသူ လမင်းအိမ်ကို ထိုသို့ပြောမည် မဟုတ် .. သေချာပေါက် လမင်းအိမ်ဆီ ပြန်လာမည်ဖြစ်သည် .. ရည်းစားသက်တမ်း ဘယ်နှနှစ်လောက် လမင်းအိမ် အပေါ် သူ အနွံတာခံခဲ့တာလဲ ... ခုလို ခပ်ဆင်ဆင် အဖြစ်မျိုးတွေနဲ့ လမင်းအိမ် အကြိမ်ကြိမ် အခါခါ ဆိုးခဲ့သည်ပဲလေ .. သို့ပေမဲ့ သူ ဆက်ချစ်နိုင်ခဲ့တာပဲ မဟုတ်လား .. ခုကျမှ ထိုသို့ပြောင်းလဲသွားသည်မှာ .. ဆုဆုနွေးကြောင့် ဆိုတာ အသေအချာပင် ...
"စိတ်ချ ... မင်းကို ဒီအတိုင်းမထားဘူး ဆုဆုနွေး .. ပါးတစ်ဖက်ရဲ့ တန်ရာတန်ကြေးကို ငါပြန်ယူရလိမ့်မယ် .. "
လမင်းအိမ် ငှားထားတဲ့လူ ပို့ထားသော ဆုဆုနွေးရဲ့ ဓာတ်ပုံကို လက်သည်းဖြင့်ခေါက်ကာ .. လမင်းအိမ်တစ်ကိုယ်တည်း .. တီးတိုးရေရွတ်နေသည် ... ။
~~~~~ ~~~~~~~
ခြေထာက်ခေါက်သွားတဲ့နွေးကို သူ ပွေ့ခေါ်လာခဲ့ပေမဲ့ ကားမောင်းထွက်လာသည် အထိ... စကား တစ်ခွန်းမှ မပြော .. အင်းလေ .. သူ လမင်းအိမ်အပေါ် လွန်သွားခဲ့သည် မဟုတ်လား .. သူ ခံစားနေရမှာပေါ့ ... နွေး ဒီလို မတွေးချင်ပါ .. ဒီလိုတွေးမိရင် ရင်ထဲ နာကျင်ရပေမဲ့ ဒီအတိုင်းပဲဖြစ်နေမယ်လို့ နွေးထင်ပါတယ် ... သို့ပေမဲ့ သူ့ပုံစံကတော့ ခံစားနေရသည့် ပုံမျိုးမဟုတ် .. စိတ်ဆိုးနေသည့်ပုံ ဖြစ်သည် .. သူက ဘာကို ဘာကြောင့် စိတ်ဆိုးရသလဲ .. နွေး နားမလည်တော့ .. ။
ဆေးခန်းတစ်ခုရှေ့ရောက်တော့ ကားရပ်ပြီး ..
"လာ ဆင်းမယ် .. " ဆိုကာ နွေးဘက်ကတံခါးကိုဖွင့်ပြီးနွေးကို ခေါ်ပါတော့တယ် ..
"ဟင်း .. ဆင်းရမှာလား .. ဆေးခန်းပြရမယ် ... ခြေထောက်ခေါက်တာပဲ ကိုလင်းရယ် .. ဆေးလိမ်းလိုက် ရပါတယ် .. ဒါဆေးခန်းသွားပြ ဆရာဝန်တောင် ရယ်ဦးမယ် .. မဆင်းဘူး ..."
သူက တစ်ခွန်းမှ မပြောဘဲ .. နွေးကို အတင်းပွေ့မည် လုပ်သည် ..
"လာမထိနဲ့နော် .. ပွေ့ရဲ ပွေ့ကြည့် .. မဆင်းဘူးလို့ပြောနေတယ်မလား .. နွေး တကယ် ချမှာ .. "
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူ့ကို တကယ်ထိုးမည့်ဟန်နဲ့ နွေးပြောတော့ သူ အရှိန်လျော့သွားသည် ... ပြီးမှ ကားထဲပြန်ဝင်လာပြီး ... နွေးကို တွတ်တွတ်ထိုးအောင် ဆူပါတော့သည် .. ။
"အဲဒါပြောတာ ... ဆေးခန်းလည်းမပြချင်ဘူး .. ခြေထောက်က ဒီလောက် ရောင်နေတာ .. ဘယ်လိုလုပ်မှာလဲ ဒီခြေထောက်နဲ့ .. အဲဒါ ဘာလို့ သွားကိုင်ရတာလဲ ဟိုမိန်းမကို ... နွေးရာ .... ကျစ် ... ကိုယ်က နွေးကို ဒီလိုတွေ ဖြစ်စေချင်လို့ ခေါ်သွားတာ မဟုတ်ဘူး .. ကိုနဲ့ သူ ဘာမှ မပတ်သက်တော့ဘူးဆိုတာ သက်သေပြချင်ရုံသက်သက်ပဲ .. နွေး ဘာမှ မပြောပဲ ရပ်ကြည့်နေရမှာ .. သူက အဲဒီလို စေတနာနဲ့ တန်တဲ့ မိန်းမ မဟုတ်ဘူးကွာ ... "
မျက်နှာကြီး စူပုပ်ပြီး နွေးကို သူ ဆူပူနေပုံက ကလေးတစ်ယောက်ကို အဖေကြီးက ဆူနေသည့်နှယ် ဆင်နေသဖြင့် နွေး ရယ်ချင်ပေမဲ့ .. သူ စိတ်ဆိုးနေတာ ကိုယ့်ကိုမှန်း သိပြီဖြစ်၍ နှုတ်မဆိတ်ပဲ နေ၊နေလိုက်သည် ..
သူက နွေးခြေထောက်ကို ကြည့်ပြီး ..
"ခု ဘာလုပ်မှာလဲ .. ပြော .. "
"ဆိုင်သွားမယ် .. အဲ့နားမှာ ဆေးဆိုင်ရှိရင် .. ဆေးဝယ်ပြီး ဆိုင်ရောက်မှ လိမ်းလိုက်မယ် .. ရပါတယ် ဆိုနေ .. "
"နွေးကတော့ ခက်တယ်ကွာ ..."
သူဆေးခန်းပြပေးတာ မခံလို့ စူစူပုပ်ပုပ်နှင့် အလိုမကျသည့်မျက်နှာက နွေးကို ရယ်ချင်စိတ်သာ ဖြစ်ပေါ်စေတယ် ... ဟိုတစ်ယောက်ကို သူရိုက်ခဲ့တာကို မခံစားရဘဲ နွေး ခြေထောက် နာသွားရလို့ စိတ်တိုနေသည်တဲ့လေ .. တတ်လဲတတ်နိုင်သည့် ကိုလင်း ပါလား ..
~~~ ~~~~~
"ကိုလင်း .. ဆေးဝယ်ပြီးပြီမလား ... ဘယ်သွားမလို့လဲ ... ကိုလင်း ... ဒါ ဆိုင်သွားတဲ့ လမ်းမဟုတ်ဘူးနော် ... "
"နွေး ဘာမှမဖြစ်စေရဘူး .. ကို အပြည့်အဝ တာဝန်ယူတယ် ... ဟုတ်လား .. " ဘာလဲ ဒီလူ ..
နွေးပြောနေလည်း ဘာမှမထူး .. သူကတော့ ထိုသို့သာ ပြော၍ နှုတ်ဆိတ်လျက်ပဲမို့ နွေးသာ ငြိမ်လိုက်ရတော့သည် ..
"ကဲ ရောက်ပါပြီ ခင်ဗျာ .... "
နွေး မျက်လုံးမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်တော့ နွေးအိမ်ရှေ့ကို ရောက်နေလေပြီ ...
"ဟ... အိမ် ... နွေး အိမ်ပြန်လို့မရသေးဘူးလေ ... ဆိုင်သွားရဦးမယ် .. "
မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် နဲ့ နွေးပြောတော့
"ဒီခြေထောက်နဲ့ ဆိုင်ထဲကို ပွေ့ဝင်စေချင်လို့လား ... အိမ်မှာပဲနေ ... ခြေထောက်ကောင်းမှ ဆိုင်သွားတော့ .. " ဟုဆိုကာ နွေးကို စွေ့ခနဲ့ ပွေ့ချသွားတော့သည် ...
"ဟယ် .. ကိုလင်း ... အမလေး .. မဖြစ် ... မလုပ်နဲ့ဆို ... ဒီနေ့ အိမ်မှာ မေမေ ရှိနေမှာ ... "
"ဟုတ်လား ... ဒါဆို အတော်ပဲပေါ့ ... "
နွေးက လန့်နေသော်လည်း သူက ပြုံးလျက်ပင် ... တစ်ချိန်လုံး စူပုပ်နေသူက ခုမှ ပြုံးလိုက်တာမို့ နွေး ရုန်းကန်ဖို့တောင် မေ့သွားရသည် ...
~~~~ ~~~~~
"ရတယ် ကိုလင်းရဲ့ ... နွေးဟာ နွေး လုပ်လို့ရတယ် ... ကောင်မလေးတွေလဲ ရှိတာပဲ ... "
ဧည့်ခန်းဆိုဖာပေါ် နွေးကိုထိုင်ခိုင်းထားပြီး ဝယ်လာသော ဆေးပုလင်းများချကာ .. ကြမ်းပြင်မှာထိုင်၍ နွေးခြေထောက်ကို ဆေးလိမ်းပေးနေသဖြင့် နွေး အားနာနာနှင့် ငြင်းနေခြင်းဖြစ်သည် ... ။
"ကိုက ဒီအပိုင်းကို ကျွမ်းတယ်လေ ... ဂျပန်မှာ သူနာပြု လုပ်ခဲ့တာ ... "
"အယ် .. မယ်.. လေး ... ဟုတ်နေဦးမယ် အားကြီး .. ကိုလင်း အိမ်မှာ ဖြူရှိတယ်နော် .. လာ လှိမ့်မနေနဲ့ "
နွေး အမြင်ကတ်ကတ်နှင့် ရေရွတ်လိုက်သည် .. သူလား ကျွမ်းတာ မသိရင်ခက်လို့ .. သူ့ အဝတ်တောင် သူ ရွေးမဝတ်တဲ့သူက ဂျပန်မှာတောင် သူနာပြုလုပ်သေးတယ်ဆိုပဲ ...သူ့အိမ်မှာ ဖြူရောက်နေတာ မေ့နေတယ် ထင်ပါရဲ့ ... ဖြူက နွေးရဲ့ သူငယ်ချင်းဆိုတာရော မေ့နေတယ်ထင်ပါရဲ့နော် ... ။
"အ .. နာတယ်ဗျ .. ဖြေးဖြေးလုပ် .. "
ရောင်နေတဲ့ အကြောကို ဖိမိသဖြင့် နွေးနာသွားရာ ..
"ဒဏ်ရာနေရာကို နည်းနည်း ဖိလိမ်းပေးရတယ် .. ဒါမှ ဆေးက စိမ့်ဝင်သွားမှာ .. " ပြောလဲ ပြော ဆေးလိမ်းထားသည့်နေရာကိုလဲ ပူမှာစိုးသဖြင့် ပါးစပ်လေနှင့် တဖူးဖူးမှုတ်ပေးနေသည့် ကိုလင်းရဲ့ မေတ္တာက နွေးကို ထပ်ဆင့် ကူးစက်သွားသည့်နှယ် .. ကိုလင်းအပေါ် အထင်လွဲမိတာတွေ အားလုံး မေ့ချင်သလိုတောင် ဖြစ်သွားရသည် ..ဒါကို သူက သတိထားမိရင်လဲ အေးအေးမနေ ...
"ကောင်မလေးတစ်ယောက်တော့ ခိုက်သွားပြီ ထင်တယ် ... " ဟု ဆေးလိမ်းနေရင်းမှ နွေးကို မော့မကြည့်ပဲ ပြုံးပြုံးကြီး လုပ်ပြီး ပြောရာ
"ဖြစ်စရာလား .. လုံးဝပဲ .. ရပြီ .. အခု .. ကောင်လေးတော်တယ် .. မဆိုးဘူး .. " ဆိုကာ နွေး ခြေထောက်ကို ရုတ်ရင်း ခံစားချက်ကိုပါ သိမ်းထားလိုက်သည် .. ။
~~~~ ~~~~~
ဒီနေ့ နေမကောင်းသဖြင့် ရုံးမသွားဘူးဟု စီစဉ်ထားသော်လည်း .. ကိစ္စတစ်ခု အရေးတကြီး ပေါ်လာသဖြင့် ဒေါ်နွေးနွေးလှိုင် ကိုယ်တိုင် သွားလိုက်ရသည် .. အခုမှ အိမ်ပြန်နားမည်ဟူကာ အိမ်သို့ အဝင် ... ဧည့်ခန်းမှ သမီးဖြစ်သူနှင့် အမျိုးသားတစ်ယောက်တို့ ရယ်မောသံကို ကြားလိုက်ရသဖြင့် ဒေါ်နွေးနွေးလှိုင် အပေါ်ထပ်သို့ တခါတည်း တက်မသွားဘဲ ဧည့်ခန်းဘက်သို့ ဝင်လာခဲ့သည် ....
"ဟာ .. မေမေ ... ဒါ ..." နွေး အကြောင်သားကလေးနှင့် ဘယ်လို မိတ်ဆက်ပေးရမှန်း မသိဖြစ်နေစဉ် ... သူငယ်ချင်းဆိုရအောင်လည်း နွေးက ဘယ်ယောကျာ်းလေး သူငယ်ချင်းကိုမှ အိမ်အထိ ခေါ်လာဖူးတာ မဟုတ် .. မေမေတော့ တမျိုးထင်မှာ အသေအချာပင် ...
"ဟာ ... အန်တီ ... နွေးက အန်တီ့ သမီးလား .. တော်တော်တိုက်ဆိုင်တာပဲဗျာ .. "
ကိုလင်းဘာတွေပြောနေပါလိမ့် .. နွေး ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် ဖြစ်နေသည် ...
"အေးကွဲ့ .. လင်းသူ ဒီကို ဘယ်လို ရောက်လာတာလဲ .. အန်တီ့ သမီးနဲ့က ... " မေမေလည်း အံ့သြနေပုံရသည်
"နွေးနဲ့က သူငယ်ချင်းတွေပါ ... သူ ခြေထောက်ရောင်သွားလို့ ကျွန်တော် အိမ်ပြန်လိုက်ပို့တာပါ .. သူ့ဆိုင်နဲ့ ကျွန်တော်ရုံးနဲ့က မျက်စောင်းထိုးတွေလေ ... " ဒီလို အမှတ်တမဲ့ ဆုံကြရတဲ့ အခြေအနေကိုတောင် သူက ကောင်းကောင်း ရှင်းပြနေနိုင်တာကတော့ လေးစားစရာပင် ..
"ဪ ... အေး .. အေး ... လင်းသူ .. သားလဲ အလုပ်ရှုပ်သွားပြီ .. အားနာစရာကွယ် .. အအေးလေးသောက်သွားပါဦး .. သမီးကလည်း ဧည့်သည်ကို အအေးတော့ မတိုက်ဘူး .. "
ထိုသို့ပြောက တဆက်တည်း ကောင်မလေးတွေကို အော်ခေါ်လိုက်တော့
"ရပါတယ် အန်တီ ... ကျွန်တော်လဲ ခုပဲ ပြန်တော့မလို့ .. ဟို .. လက်လေးဆေးလို့ရမလား ... "
လင်းသူက လက်ကလေးနှစ်ဖက် ပွတ်ပြီး မေးရာ .. လက်ဆေးတဲ့နေရာကို အိမ်က ကလေးမလေးနဲ့ ထည့်ပေးလိုက်ရင်း ဒေါ်နွေးနွေးလှိုင်သဘောပေါက်သွားသည် . ဆေးဗူးတွေလည်း အိမ်ရှေ့မှာ ဒီအတိုင်းဆိုတော့ .. ဒါ နွေးကို သူ ဆေးလိမ်းပေးထားတာ ဟု ရိပ်မိသည် ..ဒီကလေးကို မြင်ကတည်းက အိမ်ကသမီးနဲ့ တွဲမြင်ကြည့်မိတာ အကြိမ်ကြိမ်မို့ .. ခုလို သူတို့ သိကျွမ်းနေပြီးဖြစ်သဖြင့် . ဒေါ်နွေးနွေးလှိုင် ကြိတ်ပျော်သွားသည်ကို ကိုယ်စောင့်နတ်သာ သိနိုင်ပေမည် ... ပထမ စဉ်းစားထားသူက ကိုယ်ကျင့်တရား ယုတ်လျော့နေပြီ မဟုတ်ပါလား .. မိမိ၏ အမျိုးကောင်း သမီးလေးကိုတော့ ပွဲတက်ဇနီးအဖြစ်ထားပြီး နောက်ကွယ်မှာ ထည်လဲတွဲနေမည့်သူလက်ထဲ ... အရောက်မခံနိုင်ပါပေ ... ။
"မေမေ သူနဲ့ ဘယ်လိုသိ .. "
"မေမေ့တို့ ဟိုတယ်မှာ လင်းသူက ရှယ်ယာ အများဆုံးပဲလေ သမီးရဲ့ ... မေမေ အခက်ခဲဖြစ်နေချိန်မှာ ဝင်ကူညီထားတာဆိုရင်လဲ မမှားဘူးပေါ့ ..."
နွေးရဲ့ အမေးကို မေမေက တိတိကျကျ ဖြေပေးသဖြင့် နွေး နားလည်သွားသည် ... ဒါကြောင့်သူက မေမေမြင်ရင် ပိုကောင်းတယ်လို့ ပြောတာကိုး ... ဒါပေမဲ့ သူ့ကြည့်ရတာ .. မေမေနဲ့ နွေး သားအမိတွေဆိုတာ မသိတဲ့ပုံပါ ... ဘာတွေမှန်းတောင် နွေးနားမလည်တော့ .. ဘာပဲဖြစ်ဖြစ် ခုတော့ သူ့ကျေးဇူးနဲ့ အဆင်ပြေသွားပြန်ပါပြီ ... ။
~~~~ ~~~~~
"မမနွေး တော်တော် ဖြစ်နေတယ် ထင်တယ် .. ဆိုင်မလာတာ ၃ ရက်တောင်ရှိပြီ ... "
"အင်း .. ခြေထောက်ခေါက်သွားတယ် ကြားတာပဲ .. အကြောရောင်သွားတာတဲ့ ... "
"မနက်ဖြန်တော့ လာတော့မလားမသိဘူး ... မမယုကို ပြောထားတယ်ထင်တယ် .. "
"အေးလေ .. ဒါနဲ့ ဟိုဘက်ရုံးက အကိုကြီးလဲ မတွေ့ဘူးနော် ... လွမ်းတောင်လွမ်းသေး.. ဟီး ဟီး .. "
"ဟဲ့အဲ့ဒါ မမနွေးလူနော် ... "
"ဟုတ်လို့လား .. "
"ရော် .. မမနွေးမှ မမနွေး ဒီလောက် တစ်နွေး နွေးနဲ့ ဖြစ်နေတာကိုနင့်နှယ် .. အလုပ်ပြုတ်သွားဦးမယ် ... "
"အေး .. ခ်ခ်... "
လူရှင်းသည့်အချိန် တဖက်စားပွဲကို သိမ်းရင်း ဝန်ထမ်းကောင်မလေးနှစ်ယောက် ပြောသွားသည့် စကားကို ကြားလိုက်ရသူက လမင်းအိမ်ပင် ... ။
"ဆုဆုနွေး ... နင့်ဆီက ငါ့ကိုလင်း ကို ပြန်ယူကို ယူရမယ် .. နင်စောင့်နေလိုက် ... ခြေထောက်ကျိုးနေတဲ့သူကို ... ကိုလင်းယူနိုင်မလားဆိုတာ .. နင်စောင့်ကြည့်လိုက် ဆုဆုနွေး .. "
ခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ .. လမင်းအိမ် Gallery Coffee Shop ထဲမှ ထွက်ခွာလာထဲသည် ..
~~~~ ~~~~~
"မိုး .. ရေ .. သမီးဖြူက ဘယ်လိုဖြစ်တာလဲ .. "
"ဘာကိုလဲ အကို .. "
"သူ ကြည့်ထားတဲ့ အခွေတွေလဲ ပွစိတက်နေတာပဲ .. ရေချိုးခန်း ဝင်ပြီးရင်လဲ မီး ပြန်မပိတ်ဘူး ... ခုတလော လူကြီး တွေကိုလဲ ဂရုမစိုက်သလိုပဲ .. ငါတို့ ရှိလို့ရှိမှန်းရော သိသေးရဲ့လားပဲ .."
"ဟုတ်တယ် အကိုရဲ့ .. မိုးလဲ အဲဒါ ပြောမလို့ပဲ .. သူ့ အကျင့်တွေ ပေါ်လာတာ တစ်နေရာ ၊ နှစ်နေရာ မဟုတ်ဘူး .. နေရာစုံပဲ အကို .. ရိုင်းရိုင်းပြောရရင် .. ဝတ်ပြီးသား ထမီတောင် ကွင်းလုံး ပုံချခဲ့တာ ... ဒါမျိုးနဲ့ အမျိုးတော်ဖို့တော့ ပြန်စဉ်းစားပါဦးရှင် ... ကျုပ်တော့ ခပ်လန့်လန့်ရယ် ... "
ဒေါ်ပပမိုး ပြောသွားတာကို ဦးသစ်နောင် မျက်မှောင်ကြီးကြုတ်ပြီး စဉ်းစားနေသဖြင့် .. ဖြူ မျက်နှာမှာ အပြုံးတစ်ပွင့် ကပ်ခိုသွားတယ် ... ။ နွေး နည်းလမ်းက အလင်းတန်းလေး ပေါ်လာပြီမို့လေ ... ။
~~~~ ~~~~~
"အောင်ကောင်း .. မင်း .. နွေးဆီရော ရောက်ဖြစ်ရဲ့လား ... " ဧည့်ခန်းမှာ သတင်းစာ ထိုင်ဖတ်နေတဲ့ အောင်လေးကို ဖေဖေက လှမ်းမေးတော့
"အမလေးတော် .. မသွားလဲ ဘားမှမဖြစ်ဘူး ငါ့သား .. မသွားနဲ့ .. ဘယ့်နှယ်တော် .. ဒီလောက် အကြောကြီးတဲ့ မိန်းကလေးနဲ့ ကျွန်မသား မဖြစ်ပါဘူးရှင်ရယ် .. အမေကတော်တော်ရယ် သမီးက ကဲကဲနဲ့ ... တော်..တော် .. ။ ဒီမိန်းကလေးနဲ့တော့ မေမေ လုံးဝ ကန့်ကွက်တယ် .. မေမေ နောက်တစ်ယောက် ရှာပေးမယ် ... ငါ့သား " မေမေက ထိုသို့ဝင်ပြောသဖြင့် အောင်လေး မတားလျှင်မရတော့ .. မေမေ ရှာပေးတဲ့ နောက်တစ်ယောက်က မင်္ဂလာပွဲကို လက်ခံရင် အောင်လေး ဂွမ်းပါပြီ ...
"မရှာပါနဲ့တော့ မေမေရယ် ... သား တစ်ခါ လိုက်လျောပေးပြီးပြီပဲ ... ဒီတစ်ခါတော့ မေမေတို့ သားကို လိုက်လျောပေးပါ .. သားစိတ်ကြိုက်ရှာလာခဲ့မယ် ... မေမေတို့ မကြိုက်ရင် သားကိုပြော ... နော် .. မေမေ .. " လိုရင်းပြောပြီး အောင်ကောင်း ထွက်ပြေးလာခဲ့သည် .. အငြင်းကို မခံနိုင်တော့ .. ပြီးမှ နွေးကို ကောင်းကောင်း ကျေးဇူးဆပ်ရမည် ... မေမေ့ကို တချက်တည်းနဲ့ အလဲထိုးနိုင်ခဲ့သည်လေ ... အောင်ကောင်း သဘောတကျနှင့် နွေးဆိုင်သို့ ချီတက်လာခဲ့သည် .. ။
~~~~ ~~~~~~
"အင်း .. နင်ပြောပုံအရဆို .. နောက်တစ်ယောက်မရှာခင် .. ဖြူ့ကို အရင်ပြနိုင်မှ ရမယ် .. ဒါပေမဲ့ .. ဖြူ့ အခြေအနေကိုရော .. နင့်အမေက သဘောတူနိုင်ပါ့မလား .."
အောင်လေးက နွေးကို လာတိုင်ပင်သဖြင့် နွေး စဉ်းစားပေးနေခြင်းဖြစ်သည် ...
"ဒါကတော့ဟာ .. နည်းနည်း.. အကြံ ထုတ်ရမှာပေါ့ .. "
"နင့်မှာ အကြံရှိလို့လား .. "
"မရှိလို့ နင့်ဆီလာတာလေ .. အဟီး .. "
ဒီ သွားဖြဲနဲ့ ရယ်နေတဲ့ အောင်လေးတစ်ကောင်ကတော့ .. နွေးကို ဘာမှတ်နေတယ်မသိ ... ။ အကြံ လာတောင်းနေတော့သည် .. ။
"အေး .. ဒီအကြံကောင်းတယ် .. ကြိုးစားကြည့်တာပေါ့ဟာ ... "
နွေးစဉ်းစားမိတာတစ်ခု အောင်လေးကို ပြောသောအခါ .. ထွက်ပေါ်လာသော သဘောတူညီမှုကတော့ နွေးတို့ တဖန် အောင်လေးအိမ်မှာ ဆုံစည်းရဦးမည် ဖြစ်သည် .. နွေး က အမုန်း ထပ်ခံရဦးမှာပေါ့လေ .... ဟင်း .. နွေး သက်ပြင်းရှည်တစ်ခု ချပြီး အောင်လေးကို လိုက်ပို့ဖို့ ဆိုင်ထဲမှ ထွက်လိုက်လာခဲ့စဉ် ....
"တီ ... တီ... တီ.. "
"ကျွီ ...."
"ဒုန်း ... "
နွေးရှေ့တည့်တည့်ကို ကားတစ်စီး ဘရိတ်ပေါက်ပြီး မောင်းဝင်လာခဲ့သည် .. တစ်စုံတစ်ခုက တွန်းလိုက်သလို နွေး လွင့်ထွက်သွားပေမဲ့ ဘာမှမဖြစ်လိုက် ... ။ သို့ပေမဲ့ ... သွေးအိုင်ထဲမှာ လဲနေသူတော့ ရှိနေခဲ့သည် ....
"ကိုလင်း ... ကိုလင်း ... သတိထားဦးလေ ... ကိုလင်း ... "
အဖြစ်အပျက်တွေက မြန်ဆန်လွန်းသဖြင့် နွေးရဲ့ အမြင်အာရုံများလဲ အရာအားလုံး ဝိုးတဝါးနှင့် အမှောင်ကျသွားခဲ့တော့သည် .... ။
~~~~ ~~~~~~
ဒီမနက်တင် လမင်းအိမ်ကို သတိထားပါ .. သူက အငြိုးကြီးတဲ့သူ ... နွေးကို တခုခု လုပ်လိမ့်မယ် .. ဆိုင်ကို မလာပါနဲ့ဦးလို့ ပြောထားရဲ့သားနဲ့ အခု ဆိုင်ကို ရောက်နေတဲ့နွေးကို သူ အရမ်းစိတ်ပူမိသည် ...
လမင်းအိမ်နောက် လိုက်ခိုင်းထားတဲ့သူဆီကလဲ သတင်းအတိအကျ ရထားပြီမို့ နွေးကို ပြောဖို့အလာ ... လင်းသူ မတားနိုင်ခင်မှာ နွေးက အန္တရာယ် စက်ကွင်းထဲ ရောက်နေလေပြီ .... လင်းသူ ဘာလုပ်ရမည်လဲ ... နွေးကိုတော့ အထိခိုက်မခံနိုင် ... ကိုယ်တိုင်သာ . ... ။
"နွေး ... ဘာမှ မဖြစ်ဘူးနော် .... ဒါ.... ဒါ ... ကိုယ့်ရဲ့ သက် .... သေ .... "
နီကျင်ကျင်နှင့် ညှီစို့စို့ သွေးများကြားမှ လင်းသူ အားယူပြီး ပြောလိုက်သည် ... ထို့နောက်တွင်တော့ ..... ။ ။
ဆက်ရန်နားခွင့်ပြုပါဦးရှင် ..
ရွှင်လန်းနိုင်ကြပါစေ ..
စာဖတ်သူ သူငယ်ချင်းများကို အစဉ်ချစ်ခင်လျက်
Credit "
ÑoVâ
No comments:
Post a Comment