Tuesday, October 4, 2016

နှလုံးသား ရဲ့ထောင့်တစ်နေရာ

နှလုံးသားရဲ့ ထောင့်တစ်နေရာ (၁၀)

  ပေါင်ပေါ်ကို laptop အိတ်တစ်လုံးလာတင်တာကြောင့် လင်းသူ မော့ကြည့်လိုက်တော့ ... နေကာမျက်မှန်တပ်ထားပြီး ဘောင်းဘီတို ကြည်ပြာရောင်နဲ့ တီရှပ် အဖြူရောင်တွဲ၍ အပန်းဖြေခရီးထွက်မည့် ပုံစံ ဝတ်ထားတဲ့  အောင်လေးက သူထိုင်ရမယ့်နေရာကို မေးနဲ့ ထိုးပြပြီး လင်းသူ ကို ဖယ်ခိုင်းသည် ... ဖြူကလည်း အံ့သြဝမ်းသာဖြစ်ဟန်နှင့် ရယ်နေသဖြင့် .. လင်းသူ..  ဒီအဖြစ်သည်းနေသည့် ကောင်ကို အမြင်ကတ်ကတ်နှင့် ပြန်မပြောနားမထောင်ပဲ မျက်စိပြန်မှိတ်ကာ လက်ပိုက်လျက် ဆက်အိပ်နေလိုက်သည် ... ။ အောင်လေးက ထပ်မံ၍ ပုခုံးပုတ်လာပြီး ခုနကအတိုင်း လုပ်ပြတော့မှ ..

"မင်းက ဘာလိုက်လုပ်တာလဲ ... ငါတို့က အလုပ်သွားလုပ်မှာ .. ရှုပ်ရှုပ်ရှက်ရှက်ကွာ ... "
အောင်လေးကို မြင်သွားတော့ လင်းသူလည်းပျာ်သွားပေမဲ့ အာရုံနောက်သယောင်ပြောလိုက်သည် ... ။

"ဟ ! ငါ့ ဇနီးလောင်းသွားတဲ့နေရာ .. ငါရှိရမှာပေါ့ ... "
အောင်လေးက အဓိပ္ပါယ်နှစ်မျိုးပါတဲ့ စကားလုံးကို ပြန်ရွေးပြောရာ .. ဖြူက ရှက်ပြုံးလေးလွှမ်းသွားပေမဲ့ ... လင်းသူက တင်းသွားသည် .. ။

"အပိုတွေ ပြောမနေနဲ့ .. ဒီမှာ ထိုင်ရ .. ပြီးရောမလား ... "
လင်းသူက သူ့ပစ္စည်းလေးတွေ ယူကာ ဖယ်ပေးတော့

"အဲလို လိမ္မာစမ်းပါ သားရာ .. အဖေ လူကြားထဲ မဆုံးမချင်ဘူး ... "

"မင့်အမေ •• "
လင်းသူ သူတို့နှစ်ယောက်သာ သိသော ဆဲနည်းမျိုးနှင့် ဆဲပြီး အောင်လေးခုံမှာ ပြောင်းထိုင်ပေးလိုက်ရသည် ... ခုမှပဲ လင်းသူလဲ စိတ်သက်သက်သာသာနှင့် နွေး အကြောင်း တွေးနိုင်ပေမည် ... သူ့ဘေးမှာ နွေးမဟုတ်သော အခြားမိန်းကလေးတစ်ယောက်ရှိခြင်းကို လင်းသူ စိတ်အိုက်ရသည်... လမင်းအိမ်ကို လွယ်လွယ် မမေ့နိုင်လောက်ဘူး၊ သိပ်ချစ်ခဲ့သည် ဟု ထင်ခဲ့ပေမဲ့ ... အချစ်ဦးမို့ ရူးခဲ့သည်ဆိုတာ ယခုအချိန်မှ လင်းသူ နားလည်လိုက်ရပြီ .. ယောကျာ်းတကာတို့ လည်ပြန်လှည့်ကြည့်ရသော မိန်းကလေးက ကိုယ့်ရည်းစားဖြစ်နေသည်ကို လင်းသူ သာယာခဲ့မိသည် ... တကယ်တော့ အချစ်စစ် အချစ်မှန် တစ်ခုဟာ သာယာခြင်းထက်လည်း ပိုရမည် .. ကြည်နူးခြင်းထက်လည်း ပိုရမည် ... အကြောင်းပြချက်တွေ မရှိသင့်မှန်းလည်း လင်းသူ နားလည်သွားရပါပြီ ...
ဒါပေမဲ့ သူ့ရင်ထဲ နွေးရှိနေပြီဆိုတာကိုတော့ လင်းသူ လက်မခံချင်  .. နွေး အနားရှိရင် သူ လွတ်လပ်သလို ခံစားရလို့ နွေးအပေါ် သူများထက် ပို ခင်တွယ်မိတာပါ .. ဒီလောက်ပါပဲ ...
  လေဆိပ်ကနေ ဟိုတယ် ထိ သွားရတာ .. တစ်နှစ်လောက်ကြာသည်ဟု လင်းသူ ထင်မိသည် ... ဟိုနှစ်ယောက်ကတော့ ... "ဟင်း.. ပြော မပြောလိုက်ချင်ဘူး .." ဟု တွေးမိရလောက်အောင် ကြည့်မရချင်စရာ ... "အဟမ်း... အဟမ်း .."
လင်းသူ နောက်ခန်းက သူတို့ နှစ်ယောက်ကို ချောင်းဟန့်သံ တစ်ချက်ပေးပြီး နှောက်ယှက်ပစ်လိုက်သည် .. ကြိုမှာထားတဲ့ အငှားကားက လေဆိပ်မှာ လာပို့ပေးတာမို့ နှစ်ယောက်စလုံးက International licensee ရှိပြီးသူများ ဖြစ်သော်လည်း  လင်းသူက မောင်း၍ ဒင်းတို့နှစ်ယောက်က နောက်ခန်းမှ လိုက်စီးသည် ... ကားမောင်းခိုင်းပုံကိုလည်းကြည့် .. လင်းသူက မသိချင်ယောင်ဆောင်ပြီး နောက်က တက်တော့ ... မျက်စိရှေ့ကို သော့တန်းလန်းချပြီး လင်းသူ မမောင်းချင်တာ သိသိကြီးနဲ့ ... 
"ကိုလင်း.. မင်း မောင်းမယ်မလား .." တဲ့ ..

"နေပါဦး .. ငါက ဘာလို့ မောင်းရမှာလဲ ..."

"ဘာလို့ဆိုတော့ ... မင်းမှာကောင်မလေးမှ မရှိဘဲ ... ငါ့ကောင်မလေးက ငါ့ဘေးမှာ ထိုင်မှာ ဆိုတော့ မင်းမောင်းသင့်တာပေါ့ ..." ဆိုပဲ ...
သူပြောတာလဲ ဟုတ်နေသဖြင့် အောင့်သက်သက်နှင့်ပင် လင်းသူ ကားမောင်းနေရသည် ... ။ နွေး တည်းတဲ့ ဟိုတယ်မှာတော့ အခန်းမရသဖြင့် meeting လုပ်တဲ့ ဟိုတယ်မှာပဲ အခန်းငှားထားတဲ့ လင်းသူနဲ့ အောင်လေးက တခန်းတည်းပြီး ဖြူက မျက်နှာချင်းဆိုင် အခန်းမှာ ရသည် ... ။ နွေးဆီလာဖို့ စီစဉ်တဲ့ ဒီခရီးမှာ မဆီမဆိုင် ဒီနှစ်ယောက်ပါလာပြီး .. ဟန်နီးမွန်း အကြို ခရီး ဖြစ်နေသဖြင့် အောင်လေးကို ပိုပြီး မနာလို ဖြစ်လာသည် .. ။ အောင်လေးကို ကြည့်တိုင်း မျက်လုံးတွေက မှုန်ကုတ်ကုတ်ဖြင့် မကြည်မသာလုပ်ထားသည် ... ။ ဒါတောင်ဒီကောင်က စပ်ဖြီးဖြီးပင် .. တမင် လုပ်နေသလားတောင် ထင်ရသည် ... ။
ရေချိုးပြီးတာနဲ့ နွေးကို ရှာမည့် အစီအစဉ်ကို အစပြုတော့သည် ... အောင်လေးလဲ ကားငှားပြီးပြီ ဖြစ်သဖြင့် စိတ်ပူစရာမလိုတော့ .. လင်းသူ ကားတစ်စီးယူပြီး ထွက်လာခဲ့သည် .. ။

လင်းသူ ဧည့်ခန်းဆောင်မှာ စာဖတ်ပြီး စောင့်နေသည် .. နွေးတည်းတဲ့ အခန်းနံပါတ် အတိအကျနှင့် ဧည့်သည်ဖြစ်ကြောင်းပြော၍ နွေးကို ဖုန်းခေါ်ပေးသော်လည်း နွေးက မဖြေသဖြင့် လင်းသူ စောင့်နေရခြင်းဖြစ်သည် ...
တဖြည်းဖြည်းနှင့် မိုးကချုပ်လာပြီ .. ခုထိ နွေးကိုခေါ်လို့မရသေး ..
"ဒီအခန်းထဲမှာ သူရှိတာသေချာပါသလား .. "
လင်းသူ ဧည့်ကြိုကောင်တာကိုမေးတော့ ..

"သူဒီထဲမှာပါပဲ .. ဒါပေမဲ့ ဘာဖြစ်လို့လဲ မသိ ခုထိ ဖုန်းမကိုင်သေးပါဘူး ... "
လင်းသူ စိတ်ပူစ ပြုလာသည် ... သို့ပေမဲ့ အကြိမ်ကြိမ်ပြောလို့ မကောင်းတာမို့ လင်းသူ ဆက်စောင့်နေလိုက်သည် ..

ည၁၀နာရီထိုးတော့မည် .. လင်းသူ ညစာတောင်မစားဘဲ တစ်နေ့ခင်းလုံး၊ တညနေလုံး ထိုင်စောင့်နေခြင်းဖြစ်သည် .. နွေး ဘာဖြစ်မှန်းမသိရပဲ စားလို့လဲ မဝင်နိုင် ... ။

နောက်ဆုံး မန်နေဂျာနဲ့ တွေ့ပြီး တံခါးဖွင့်ဝင်တော့မှ ...

"နွေး .... နွေး ... သတိထားဦးလေ ... နွေး ..."
ကိုယ်တွေ ခြစ်ခြစ်တောက်ပူပြီး ကုတင်ပေါ်မှာ ပျော့ခွေနေသော နွေးက လင်းသူခေါ်သံပင် မကြားနိုင်တော့ .. ထိုအခါမှ ဝန်ထမ်းများလည်း လန့်သွားကာ သူမ အပြင်မထွက်တာ နှစ်ရက်ရှိပြီဖြစ်ကြောင်း ပြောတဲ့သူက ပြောသည် ...
လင်းသူ ချက်ချင်းပဲ နွေးကို ပွေ့ပြီး ဆေးရုံ ခေါ်သွားရသည် ...ဆရာဝန်များက အပူရှပ်ပြီး အဖျားကြီးသဖြင့် Heat Stroke ဝင်၍ သတိလစ်နေကြောင်း ပြောကာ ကုသပေးပြီး လင်းသူက လူနာစောင့်အဖြစ် နေခဲ့ရသည် ... ။ ထိုတစ်ညလုံး ရေဝတ်လဲလိုက်၊ နွေးနှဖူးပေါ် ရေဝတ်တင်ပေးလိုက်ဖြင့် လင်းသူ မအိပ်နိုင် ...
"သားကြီး .. မင်းဘယ်ရောက်နေတာလဲ ... ပြန်မလာသေးဘူးလား .." လင်းသူ ဇာတ်ရှိန်တက်နေသည် အထင်နှင့် အောင်လေးတို့က လွှတ်ပေးထားပြီး အချိန်လွန်မှ ဖုန်းဆက်လိုက်ခြင်းဖြစ်သည် ...

"ငါ အခုဆေးရုံမှာ ... နွေး သတိလစ်နေတာ နှစ်ရက်ရှိပြီ •••" အောင်လေးတို့က ချက်ချင်းလိုက်လာမယ် ပြောလို့ လင်းသူ မနည်းတားလိုက်ရတယ် ... မနက်ဖြန် ဖြူက အစည်းဝေးတက်ရဦးမှာဆိုတော့ လင်းသူ မပျက်ကွက်စေချင်၍ ဖြစ်သည် ..

~~~~       ~~~~~

နွေး အိပ်နေတာ တော်တော်ကြာသွားပါလား .. ဟင်... ဒါ .. ဘယ်နေရာရောက် ...?
ဆေးရုံနံ့ ..  ဘေးကြည့်လိုက်တော့ အခြား လူနာ ကုတင်တွေကို အဝတ်နဲ့ ကာထားပေမဲ့ အနည်းအကျဉ်းတော့ နွေး မြင်နေရသည် ... နွေးဘေးက ကုတင်ပေါ် ခေါင်းတင်အိပ်နေသူကို တွေ့လိုက်တော့ ...
အို ... သူ ... သူ ဘယ်လိုလုပ် ... ဟင်.. နွေးလက်ကိုလည်း ကိုင်ထားပါလား ...
~~~~~~
လင်းသူ နွေးလက်မှ အပူချိန်ငွေ့ငွေ့ကို ခံစားရင်း ဘယ်လို အိပ်မောကျသွားသည်မသိ .. နွေး လက်ကလေးရုန်းလိုက်မှ တရေးနိုးသွားသည် ...

"နွေး ... နွေး သတိရပြီနော် ..."
ပြောနေရင်းပင် လက်က နွေးနဖူးကို စမ်းမိလျက်ဖြစ်ရသည် ... ပြီး ကိုယ့်နဖူးကိုယ်ပြန်စမ်းပြီး

"အင်း အဖျားတော့ သိပ်မရှိတော့ဘူးထင်တယ် .. နေဦး ကျွန်တော် ဆရာဝန်သွားခေါ်ပေးမယ် .. "
လင်းသူ လှည့်ထွက်မည်အပြု လက်ဖျံမှ အထိတွေ့နွေးနွေးကြောင့် လှည့်ကြည့်တော့ နွေးက လှမ်းဆွဲထားခြင်းဖြစ်သည် ... ။

"ကိုလင်း ... ဘာတွေ ဘယ်လိုဖြစ်နေတာလဲ ... "
အင်းပေါ့ နွေးဘယ်သိလိုက်ပါ့မလဲ .. သူက သတိလစ်နေခဲ့တာကိုး ...

"နွေး သတိလစ်နေလို့ ဒီကို ခေါ်လာတာလေ . ခုတော့ နေကောင်းသွားပြီ ဘာမှမဖြစ်တော့ဘူး ... စိတ်မပူနဲ့တော့ .. "
သူကပဲ စိတ်မပူနဲတော့လို့ ပြောရတယ်ရှိသေး .. ဘယ်လိုကြီးမှန်းကို မသိပါ ... သူက ဘယ်လို ရောက်လာတာလဲ လို့ နွေးသိချင်ပေမဲ့ မေးခွင့်မရခင် သူက ဆရာဝန်ခေါ်ဖို့ထွက်သွားသည် ... နွေး ကုတင်ဘေးက ခုံလေးပေါ်မှာ ရေပတ်ဝတ်လေးက တန်းလန်းဖြစ်နေတော့ ဒါ နွေးကို သူ ရေပတ်တိုက်ပေးထားတာပဲလို့ နွေးနားလည်ရသည် ... နွေးစဉ်းစားနေတုန်း .. ဘေးကုတင်က အင်္ဂလိပ်အမျိုးသမီးတစ်ဦးက နွေးကို ရယ်ပြပြီး .. " မင်းချစ်သူက သိပ်ကြင်နာတတ်တာပဲ .. ညက တစ်ညလုံး သူမအိပ်ရဘူး"လို့ပြောရုံနဲ့ နွေးရင်ထဲ ဘာကြောင့်မှန်း မသိ .. ကျေနပ်သွားရသည် ... သူ့ကိုသာ နွေးလူအဖြစ်ခေါ်သွားရင် မေမေ အောင်ကောင်းနှင့် ပေးလဲမလား.. နွေးမစဉ်းစားတတ်ပါ ...
အို .. ဘာတွေတွေးနေတာလဲ ဆုဆုနွေး .. တော်စမ်း .. ဟိုက နင့်ကို ကြိုက်တာမှ မဟုတ် ... မိန်းကလေးတန်မဲ့ .. ရှက်စရာ ...
နွေး ကိုယ့်စိတ်ကိုယ်ဆုံးမပြီး လင်းသူကို မေ့ပစ်လိုက်သည် .... ။

~~~      ~~~~~

" ဒေါက် .... ဒေါက် "

"ဖြူ ... အော် အကုန်ပါတာကိုး .. လာ .. ဝင်ကြ ..."
နွေး ပစ္စည်းသိမ်းနေရင်းနဲ့ ကိုလင်းတို့လာတာမို့ တံခါးသွားဖွင့်ပေးလိုက်သည် ...

"နွေး ဆေးရုံက မနေ့ကမှ ဆင်းတယ် .. ဒါက ဘာလုပ်နေတာလဲ .. "

"ဪ ... တကယ်ဆို လေယာဉ်က ဒီနေ့စီးရမှာ ... လေယာဉ်လက်မှတ်နောက်ဆုတ်ရမှာလေ .. အဲဒါ .. ဒီနေ့မီရင် ဒီနေ့ပြန်မယ် .. မမီရင် နောက်နေ့ပေါ့ .. ပစ္စည်းတွေ ကြိုသိမ်းနေတာ ... "
ဖြူ့ရဲ့ အမေးကို နွေးဖြေလိုက်တော့ ကိုလင်းက ပျာပျာသလဲနှင့်

"ဟာ ... ကိုယ်တို့လက်မှတ်က နောက် နှစ်ရက်နေမှ ပြန်ရမှာ .. နွေး ဘယ်ချိန်ပြန်မယ်မှန်း မသိလို့ ..." ဆိုတော့ နွေးအပါဝင် သုံးယောက်သား သူ့ကို တပြိုင်တည်း ကြည့်မိသွားသည် ... သူကပဲ ဆက်ပြီး စကားလွန်သွားတာကို ပြန်ထိန်းရင်း

"အ ဟမ်း... ဟိုဟာလေ ... ကျွန်တော်တို့က နောက်နှစ်ရက်နေမှ လက်မှတ်က date ပြည့်မှာ ... နွေးလည်း နောက်ဆုတ်ရမယ့်အတူတူ ကျွန်တော်တို့နဲ့ တူတူပြန်ပေါ့ .. တစ်ယောက်တည်း မဖြစ်တော့ဘူးပေါ့ ... " ဖြူနဲ့ အောင်လေးကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ဇာတ်လမ်းတော့ စပြီဆိုသည့်သဘောနှင့် နားလည်စွာပြုံးနေကြသည် ...

"မဖြစ်သေးပါဘူးရှင် .. ဆိုင်ကို ပစ်ထားခဲ့တာ ကြာပြီလေ .. မေမေကလည်း ခေါ်နေပြီ.. ပြန်မှဖြစ်မှာ ..."

"နှစ်ရက်လောက်နဲ့ ဘာမှ မထူးပါဘူး နွေးရယ် .. ဖြူလည်း ဒီကို ခုမှ ရောက်ဖူးတာ .. ဖြူတို့ တူတူ လျှောက်လည်ကြရအောင်လေ ... " ဖြူက အလိုက်တသိနှင့် ဝင်ပြောမှ လင်းသူတစ်ယောက် သဘောကျဟန်နဲ့ ကိုယ်ပြောတာ အဲဒါ ဆိုသလို မိန့်မိန့်ကြီး ပြုံးနေလေသည် ... ဖြူပါပြောနေတော့ နွေးလည်း အားနာတာကတကြောင်း .. လင်းသူနဲ့လဲ ခွဲမထွက်သွားနိုင်တာကတကြောင်းနှင့် ရက်နောက်ဆုတ်ဖို့ သဘောတူလိုက်ရသည် ....

~~~~~~         ~~~~~~~~

  "ကဲ ... Lets Go ...."
အောင်လေးနှင့် ဖြူ ... နွေးနှင့် လင်းသူတို့ ကားနှစ်စီးတန်းစီ၍ ဘန်ကောက် အနှံ့လျှောက်လည်ကြသည် ...

"နွေး ... ဘာပြုံးနေတာလဲ ..."
"ရှင် ? .. ဘာမှမဟုတ်ပါဘူး ..." နွေးက သာ ဒီလိုပြောလိုက်ပေမဲ့
နွေးက ဖြူနှင့်တူတူ အောင်လေးကားပေါ် တက်သဖြင့် လင်းသူက လာဆွဲကာ .. "နွေးကလဲ သူများစုံတွဲကို အလိုက်မသိ .." ဆိုသော အသံတို့က နွေးနားထဲမယ် ကြားယောင်နေဆဲ .....

~~~~    ~~~~~~

ပြန်လည်ထွက်ခွာမည့် လေယာဉ်ပေါ်တွင်ဖြစ်သည် .....

"ကိုလင်း ... ဘယ်လိုဖြစ်လို့ ဘေးနားရောက်နာတုန်း ... ဒါ သူများနေရာလေ ..." နွေး တိုးတိုးကြိတ်ပြီး ပြောလိုက်သည် ... နွေး သန့်စင်ခန်း သုံးပြီး ပြန်လာတော့ နွေးဘေးက ထိုင်ခုံမှာ သူက ရောက်နေခြင်းဖြစ်သည် ... တော်ကြာ သူများက ပြန်လာဖယ်ခိုင်းမှ အရှက်ကွဲမှာ စိုးနေသည် ...

"ဘာမှ မဟုတ်ဘူး .. သူက ဒီမှာ ပြုတ်ကျမှာ ကြောက်လို့တဲ့ ..  "
ပြုတ်ကျမှာ .... ပေါက်ကရ ..  ဒီကိုလင်းဟာလေ .. ခုတလော ရွှတ်နောက်နောက်နှင့် လေယာဉ်ထဲမှာ ထိုင်တာကို ...  လေယာဉ်တောင် အတွင်းဘက်ကဟာ ..  ဟိုက ပြုတ်ကျမှာ ကြောက်စရာလား ... နွေးကိုတော့ လျှောက်ပြောပြီး  လက်ပိုက်ကာ မျက်စိမှိတ်ထားသော သူ့ကို နွေး မပြောချင်တော့ ... ။ ကိုယ့်ဘာသာ စာအုပ်လေး ဖတ်ပြီး .နေလိုက်တော့သည် ....

"နောက်ဆို ကိုယ်မပါဘဲ .. နွေးဘယ်မှ မသွားနဲ့ ..."
အလို .. ကိုလင်းအသံကြားလို့ လှည့်ကြည့်တော့ သူက ... ခုပြောလိုက်တာ သူမဟုတ်သလို .. ဆက်အိပ်နေသည် ... အဲဒီ ပဲများချက်ကလေ ... တော်တော် အမြင်ကတ်စရာကောင်းသည်ဟု နွေးထင်သည် .... ။

~~~~~      ~~~~~

မြန်မာပြည်လေဆိပ်ရောက်တာနဲ့ နွေးကြိုက်တဲ့ မြန်မာ့ အစားစာလေးတွေ စားချင်တဲ့ စိတ်က နွေးအား ... ဗိုက်ဆာခြင်းကို ဖြစ်ပေါ်လာစေတော့တာပဲ ....
"ဗိုက်တောင်စာ လာပြီ ..."

"သူကလည်း အိမ်ရောက်အောင်စောင့်ပါဦး ... "

"ဘာမှ စောင့်စရာ မလိုဘူး .. ဘာစားချင်လဲ .. သွားစားကြတာပေါ့ .."

နွေးနဲ့ဖြူ ပြောနေတာကို ကိုလင်းက ဝင်ပြောတော့ အောင်လေးက ...
"မင်းကျွေးမှာလား .. ငါကတော့ ဒီတခါ ဆင်ဖြူတော်မှီပြီး ကြံစုပ်မှာဟေ့ ... "

အောင်လေးစကားကြောင့် အားလုံး ဝိုင်းရယ်ကြရသည် ... ဒီခရီးလေးဟာ .. နွေးအတွက် အန္တရယ် ရှိခဲ့ပေမဲ့ အဆုံးသတ်ကတော့ လှပနေခဲ့ပါတယ် ...

~~~    ~~~~~~

သို့ပေမဲ့ အောင်လေးဖေဖေ အလုပ်ကိစ္စနဲ့ ထွက်ခွာမယ့် လေယာဉ်ချိန်ဟာ အောင်လေးတို့ ဆိုက်ရောက်နဲ့ တိုက်ဆိုင်နေလေတော့ ... ပြုံးပျော်နေတဲ့ သူတို့ လေးဦးကို မြင်သွားတဲ့ ဦးကောင်းမြင့်၊ သူဖန်တီးတဲ့ ကံကြမ္မာဟာ ... သူတို့တွေ အတွက် ကောင်းခြင်းလား ... ဆိုးခြင်းဖြစ်လာမလား ... ဆိုတာကိုတော့ ... ။

ဆက်ရန်ကြိုးစားပါဦးမည်
ကျေးဇူးတင်ပါတယ်ရှင်
Credit "
ÑoVâ

No comments:

Post a Comment