#ဥစ္စာစောင့်၁
**ဥစ္စာစောင့်မလေးရဲ့ အတ္တ**
-----------------------
**အစ်ကို...အစ်ကိုရေ...အစ်ကို...ထပါဦး...**
ခေါ်သံကြားရာ စိုးဝေကြည့်လိုက်တော့ အိမ်ရှေ့ခြံပေါက်ဝမှာ မီးခိုလိုလို မြူခိုးလိုလို အဖြူငွေ့များ အုပ်ဆိုင်းနေသည်ကို တွေ့ရလေသည်။ခေါ်သံက ထိုအငွေ့များထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း စိုးဝေသိသည်။
စိုးဝေ ကြည့်နေစဉ်မှာပဲ အဖြူငွေ့များထဲမှာ အပေါ်အောက် အနီရောင် ဝမ်းဆက် မြန်မာဆန်ဆန်ဝတ်စုံကို ဝတ်ဆင်ထားကာ တင်ပါးဖုံးသော ဆံပင်ကို ဖားလျားချထားသော လှပချောမောသည့် မိန်းမပျိုလေးတစ်ဦးထွက်လာသည်ကို တွေ့လိုက်ရသည်။
ချောမောလှပသော မိန်းမပျိုလေးကို တွေ့လိုက်ရသော်လည်း စိုးဝေမှာ ငေးမကြည့်နိုင်ပဲ သရဲတစ္ဆေတွေ့သလို ထိတ်လန့် တုန်လှုပ်သွားရသည်။
**နင်...နင်...လာပြန်ပြီလား...ဘာလာလုပ်တာလဲ...**
စိုးဝေ၏ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည့်ပုံစံကို မိန်းမပျိုလေးက ကြည့်၍ ပြုံးလိုက်ပြီး
**မလန့်ပါနဲ့ အစ်ကိုရယ်...ညီမက အစ်ကို့ကို လာ သတိပေးတာပါ...အစ်ကိုလူ့ဘဝမသွားခင်က အသက် ၃၅နှစ်ပြည့်ရင် ပြန်လာမယ်လို့ ပြောထားတာ ဒီနှစ်ထဲပြည့်ပြီဆိုတာ လာသတိပေးတာ...နောက်ပြီး အစ်ကို အိမ်ထောင်ပြုဖို့ လုပ်နေတဲ့ ကိစ္စ ရပ်တန်းကရပ်ပါ...အစ်ကို့ကို ညီမ ဘယ်သူနဲ့မှ ယူခွင့်မပြုနိုင်ဘူး...ရှေ့ဆက်တိုးမယ်ဆိုရင် အစ်ကို့ချစ်သူဆိုတဲ့ ချိုချိုဆိုတဲ့ မိန်းမကို တခုခုလုပ်ရလိမ့်မယ်...သူ့ကို အသေခံမလား..အစ်ကို ညီမနဲ့ ပြန်လိုက်မလား...ကြိုက်ရာ ရွေးပါ...**
မိန်းမပျို၏ မျက်နှာလေးနှင့် မလိုက် ပြောလာသော ကြမ်းတမ်းသော စကားများကို ကြားလိုက်ရသည့် စိုးဝေမှာ မခံချင်စိတ်များ အုံကြွလာခဲ့ရသည်...။
**နင့်ကို ငါမသိပဲနဲ့...နင်ဘာလို့လိုက် ဒုက္ခပေးနေတာလဲ.. ငါ့ရည်းစားမှန်သမျှ နင်လိုက်နှောက်ယှက်လို့ ကွဲခဲ့ရတာ မနည်းတော့ဘူး...ဒီတခါတော့ မရတော့ဘူး...ငါ့ရည်းစား ချိုချိုကို ငါရအောင်ယူမယ်...နင်လိုက်နှောက်ယှက်လဲ ငါ ဂရုမစိုက်ဘူး....ရအောင်ယူမယ်... **
စိုးဝေ၏ တုန့်ပြန်စကားများကြောင့် မိန်းမပျိုလေးမှာ အတော် ဒေါသထွက်သွားဟန်တူသည်။မျက်နှာ တပြင်လုံး နီရဲလာပြီး မျက်လုံးမှာလည်း စိမ်းလဲ့လဲ့အရောင်များ ထွက်လာသည်။
**အစ်ကိုက ညီမကို ဘဝခြားသွားလို့ မမှတ်မိပေမယ့် ညီမက သံယောဇဉ်ကြောင့် အစ်ကို့ကို လာစောင့်ရှောက်ပေးနေရတာ...အစ်ကို့ကို ချစ်လွန်းပေမယ့် လူ့ဘဝမှာ တခြားမိန်းမကို ယူဖို့တော့ ညီမ ခွင့်မပြုနိုင်ဘူး...ယူခဲ့ရင်လဲ အဲ့ဒီမိန်းမ သေရင်သေ မသေရင် အစ်ကို အသက် ၃၅ပြည့်တာနဲ့ သူမုဆိုးမဖြစ်ပြီ ဟား...ဟား...ဟား...ပြောလို့တါးလို့မှ မရရင် အစ်ကို့ကို ညီမ အခုပဲ ခေါ်သွားမယ်...လာ...လိုက်ခဲ့..**
ပြောပြောဆိုဆို အနားလျှောက်လာပြီး စိုးဝေလက်ကို ဖမ်းဆွဲလေသည်။စိုးဝေ အတင်းဆောင့်ရုန်းလိုက် သော်လည်း မိန်းမပျို၏ လက်က ပြုတူကဲ့သို့ ခိုင်မာလှသဖြင့် လုံးဝရုန်းမရ...။စိုးဝေ တစ်ယောက် ရုန်းရင်း ကန်ရင်း တဖြည်းဖြည်း မိန်းကလေး ဆွဲခေါ်ရာ မြူခိုးများထဲသို့.....
**သွားးးးးးးး...သွားးးးးးးး နင်နဲ့ ငါ ဘာမှမဆိုင်ဘူး...လွှတ်...လွှတ်...နင့်နောက် မလိုက်ဘူး...**
**ဟဲ့သား...သား...ဘာဖြစ်တာလဲ...**
ညနက်သန်းခေါင် ဝူးဝူးဝါးဝါးထအော်လိုက်သော စိုးဝေ အသံကြောင့် ဦးကျော်သိန်းနှင့် ဒေါ်သေးတို့မှာ လန့်နိုးသွားရသည်။ဒေါ်သေးက အနီးမှ မီးခွက်ကို ကမန်းကတန်း မီးထွန်းကာ သားဖြစ်သူ အိပ်စက်ရာ အိမ်ရှေ့ကပျဉ်ကို လှမ်းကြည့်လိုက်တော့ အိပ်ယာထက်မှာ ထိုင်လျက်ပုံစံ ပြူးတူးကြောင်တောင် ဖြစ်နေသည့် စိုးဝေကို တွေ့ရလေသည်။
**သားငယ်...ဘာဖြစ်တာလဲ...အလန့်တကြား...**
မီးခွက်အလင်းရောင်၊ ဖခင်ဦးကျော်သိန်း၏ မေးမြန်းသံတို့ကြောင့် စိုးဝေ သတိဝင်သွားဟန် ဆတ်ကနဲ့ ဖြစ်သွားပြီး
**သား...သား...အိပ်.မက်.မက်.နေတာ...**
အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေသည်။
**ဘာတွေ မက်နေလို့လဲ သား...အလန့်တကြားနဲ့.**
**အိပ်မက်ထဲမှာ အရင်မက်နေကျ အတိုင်းပဲ အနီရောင်ဝတ်စုံနဲ့ မိန်းမတစ်ယောက် ရောက်လာပြီး...သားကို အိမ်ထောင်မပြုရဘူးတဲ့...
အိမ်ထေါင်ပြုရင် အခုပဲ လိုက်ခဲ့ရမယ်ဆိုပြီး... အတင်းဆွဲခေါ်နေလို့... **
စိုးဝေ၏ စကားကြောင့် ဦးကျော်သိန်းနှင့် ဒေါ်သေး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။
** တအားအစွဲအလန်းကြီးလို့ ခဏ ခဏ အိပ်မက် မက်တာနဲ့ တူပါတယ သားရယ် ...စိတ်ထဲ အစွဲအလန်း တအား မထားပါနဲ့...**
ဒေါ်သေးက သားဖြစ်သူကို ဂရုနာသက်ဟန်နှင့် ပြောရင်း ယောက်ျားဖြစ်သူ ဦးကျော်သိန်းကို တခုခုပြောအုံးဟူသော အဓိပ္ပယ်နှင် မျက်စာပစ်ပြလိုက်သည်။
**ဟုတ်တယ်သား...သိပ်ပြီး စိတ်ထဲ အစွဲမထားနဲ့...ဥပါဒ်ဒါန်ကြောင့် ဥပဒ်ရောက်တတ်တယ်ကွ...ဘုရားသေသေချာချာ ရှစ်ခိုးပြီး ပြန်အိပ်လိုက်သား....**
ဦးကျော်သိန်းစကားကို စိုးဝေက ခေါင်းခါလိုက်ပြီး
**မအိပ်တော့ပါဘူး..အဖေရာ...တလင်းထဲက စပါးပုံ သွားကြည့်လိုက်လိုက်ဦးမယ်...အိပ်လို့လဲ အိပ်ရတော့မှာ မဟုတ်ဘူး..**
ပြောပြောဆိုဆို ရေအိုးစဉ်မှ သောက်ရေတခွက်ခပ်သောက်လိုက်ပြီး ဓာတ်မီးယူကာ ထွက်သွားသော စိုးဝေ၏ ကျောပြင်ကိုကြည့်၍ ဦးကျော်သိန်းနှင့် ဒေါ်သေးမှာ သက်ပြင်းကိုယ်စီ ချမိလိုက်ကြသည်။
**ဖိုးကျော်သိန်း...တော့်သားတော့ မဖြစ်တော့ဘူး...တခုခုလုပ်မှ ရတော့မယ်...နောက်ဝါကျွတ်ရင်ပဲ မြကျင်သမီး ချိုချိုနဲ့ ယူရတော့မယ်...ဒီလိုဖြစ်နေပုံနဲ့ ဘယ်လို လုပ်ကြမလဲတော်...**
**အေးကွာ...ငါလည်း နဲနဲတော့ စိတ်ပူတယ်... မင်းမှတ်မိလား...အမယ်ကြီး...အငယ်ကောင် ကိုယ်ဝန်ဆောင်တုန်းက မင်းရော ငါရော အတူတူမက်တဲ့ အိပ်မက်လေ...ရှမ်းဝတ်စုံဝတ် ကောင်လေးတစ်ယောက်နဲ့ အနီရောင်ဝမ်းဆက်ဝတ် မိန်းကလေးတစ်ယောက်လာပြီး...ကောင်လေးက ငါတို့နဲ့ နေဖို့ ခွင့်တောင်းတာလေ...အခု အငယ်ကောင်အိပ်မက်တာနဲ့ တိုက်ဆိုင်နေတယ်...သူ့အသက်ပြည့်လို့ လာပြန်ခေါ်တယ်ဆိုတာ ဖြစ်နိုင်မလားပဲ...**
* *ဖိုးကျော်သိန်း ကလဲတော်...တော်ပြောတာနဲ့ ကျမသားအတွက် ပို စိတ်ပူလာပြီ... ဘယ်လိုလုပ်ကြမလဲ...**
**မပူပါနဲ့ အမယ်ကြီးရာ...ဒို့ ဝိဇ္ဇာဆရာကြီး ဟောထားသလို လုပ်ကြတာပေါ့...မနက်ဖြန်ကစပြီး အငယ်ကောင်ကို ဘုန်းကြီးကျောင်းမှာပဲ ပို့ထားလိုက် သင်္ကြန်ရောက်လို့ ရွာစုပေါင်းရှင်ပြုပွဲကျရင် ပဉ္ဇင်းပေးတက်ကြတာပေါ့...ဆရာကြီးပြောတာက သာ့သနာ့ဘောင်ထဲမှာ ရှိရင် တခြား အဆင့်နိမ့်ပရလောကသားတွေ အသက်ကို အန္တရာယ်ပြုမရဘူးတဲ့...ဒို့သား အသက် ၃၅နှစ်ကျော်သွားလို့ သူတို့ အသက်ယူမရရင် သိုက်ဆက်ပြတ်ပြီ....အဲ့ဒီအခါကျ ဝါကျွတ်တာနဲ့ လူဝတ်လဲပီး မြကျင်သမီးနဲ့ ပေးစားကြတာပေါ့ ကွာ... **
**မြန်မြန်စီစဉ် ဖိုးကျော်သိန်းရေ...ကျမတော့ ကျမသားကို အသေမခံနိုင်ဘူး...ဖြစ်တဲ့နည်းနဲ့ ကယ်ရမှာပဲ...**
**အေးပါကွာ...အေးပါ...စိုးဝေကလည်း ငါ့သားပါကွ... ငါလည်းစိုးရိမ်တာပေါ့...မနက်ကျတော့ ဆရာကြီးနဲ့ တိုင်ပင်ပြီး စီစဉ်လိုက်မယ်...အခုတော့ အိပ်လိုက်ဦး...**
မီးခွက်လေးအား ငြိမ်းလိုက်၍ နှစ်ယောက်လုံး အိပ်ယာထဲဝင်လိုက်ကြသည်။ သို့သော် တစ်ယောက်မှ မအိပ်နိုင်ကြပဲ စိတ်ထဲတွင် တရားကိုယ်စီ မှတ်၍ သားအတွက် ပူပန်မှုကို လျော့ချနေကြရလေသည်။
ဦးကျော်သိန်းနှင့် ဒေါ်သေး ပူပန်မယ်ဆိုလည်း ပူပန်ကြရမည်လေ...။စိုးဝေက သူတို့လင်မယားနှင့် အတူနေ သားအငယ်ဆုံး မဟုတ်လား...။လင်မယား နှစ်ယောက်လုံးမှာ အသက် ၇၀ကျော်နေပြီဖြစ်ကာ သားသမီး ၁၁ယောက်ရှိပြီး ကျန် အကြီး ၁၀ယောက်မှာ အိမ်ထောင် အသီးသီးကျ ကိုယ့်အိမ်ကိုယ့်ယာနှင့် ခွဲနေကြသည်။အငယ်ဆုံး စိုးဝေသာ အသက် ၃၅နှစ်ထဲ ရောက်နေပြီ ဖြစ်သော်လည်း အိမ်ထောင်မပြုသေးပဲ မိဘများနှင့် အတူနေထိုင် လုပ်ကိုင်စားနေခြင်းဖြစ်သည်။
စိုးဝေ ယခုအချိန်ထိ အိမ်ထောင်မပြုရသေးခြင်းမှာ မိန်းမ မယူချင်၍မဟုတ်...။မိန်းမယူမည် ကြံတိုင်း အကြောင်းအမျိုးမျိုးဖြင့် ပျက်သွား၍ အိမ်ထောင်မပြုရခြင်း ဖြစ်သည်။ပျက်သွားခြင်းကလည်း ထူးဆန်းသည်။အသက် နှစ်ဆယ်ကျော်က ပထမဆုံးရည်းစား နီလာ...။ရည်းစား သက်တမ်း တစ်လပင် မကြာ စိုးဝေကို ဖြတ်သွားသည်။ အကြောင်းရင်းကိုမေးတော့ စိုးဝေနှင့် ရည်းစားဖြစ်ကတည်းက ညဘက် ညဘက် လုံးဝ အိပ်မရ...။အိပ်ပျော်တာနှင့် အိပ်မက်ထဲတွင် အနီရောင် ဝတ်စုံဝတ် အမျိုးသမီး တစ်ယောက် ရောက်ရောက်လာပြီး လက်ညိုးငေါက်ငေါက်ထိုးကာ စိုးဝေနဲ့ မပတ်သတ်နဲ့ ပတ်သတ်ရင် အသေသတ်မည်ဟု လာ လာ ခြိမ်းခြောက် နေကြောင်း၊ အမြင့်ပေါ်မှလဲ ခဏခဏ တွန်းချခံရကြောင်း ၊ကံကောင်း၍သာ ဘာမှ မဖြစ်သော်လည်း တခုတခု ဖြစ်ပြီးတိုင်း အနီရောင်အရိပ်တခုကို တွေ့ရင်တွေ့ မတွေ့လျင် ညကျ သူလုပ်တာ ဖြစ်သည်ဟု ပြောပြီး ခြိမ်းခြောက်သဖြင့် ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း ပြောကာ စိုးဝေနှင့် လမ်းခွဲသွားခဲ့သည်။
ဒုတိယ ရည်းစားလည်း ထိုနည်း၎င်း၊တတိယ ရည်းစား မြလေး ဆိုလျင် နည်းနည်းရူးကြောင်ကြောင်ပါ ဖြစ်သွားသေးသည်။ စိုးဝေနှင့် ဘုန်းကြီးကျောင်းအနီး ရေကန်ကြီးတွင် ချိန်းတွေ့ပြီးအပြန် အလွန်ကြီးမားသော လူနီကြီးနှစ်ယောက်လိုက်ဖမ်းသဖြင့် အကြောက်လွန်ကာ သတိကင်းလွတ်၍ ပယောဂဆရာများနှင့် အတော်ကုလိုက်ရသည်။
စိုးဝေနှင့် ရည်းစားဖြစ်မိသူများ တမျိုးမဟုတ် တမျိုး အခြောက်လှန့်ခံနေရသဖြင့် စိုးဝေနား မည်သူမျှ မကပ်ရဲတော့...။ဤသို့ဖြင့် စိုးဝေမှာ လူပျိုကြီးတစ်ယောက်ဖြစ်မှန်း မသိဖြစ်လာခဲ့ပြီး အသက်ပင် ၃၀ကျော်လာခဲ့သည်။
လွန်ခဲ့သော ၂နှစ်ခန့်ကမှ မိုးမခရွာသူ အပျိုကြီးချိုချိုကို မျက်စိကျပြီး စိုးဝေ တဖန်ချစ်ရေးဆိုပြန်သည်။ တနှစ်ကျော်ကြာပြီး အဖြေရသည်နှင့် လက်ထပ်ခွင့်ပါတောင်းပြီး မိဘများက လည်း သဘောတူသဖြင့် ဝါကျွတ်လျင် လက်ထပ်ဖို့ စီစဉ်ခဲ့ကြသည်။ ယခုတော့ ငယ်စဉ်ကတည်းက စိုးဝေ အိပ်မက်ထဲ ခဏ ခဏ မြင်မက်နေသည့် အနီရောင်မိန်းမပျိုက အရင်ဘဝက စိုးဝေ၏ မိန်းမဖြစ်ကြောင်း၊ လူ့သက်တမ်း ကုန်လို့ ပြန်ခေါ်မည်ဟု အိပ်မက်တွေ ပေးနေသဖြင့် တမိသားစုလုံးနှင့် ညီကို မောင်နှမများပါမကျန် စိတ်ဆင်းရဲနေကြရလေသည်။
--------------------------------------------------
**မေမေ...ဒေါ်အေးစီ မေမေ့ဆီမှာ ငွေလာကြို ထုတ်သွားသေးလား....**
ချိုချို တစ်ယောက် အိမ်ရှေ့တွင် ငွေစာရင်းတွက်ရင်း မီးဖိုချောင်ထဲမှ မိခင်ဖြစ်သူ ဒေါ်မြကျင်ကို လှမ်းမေးလိုက်သည်။
**ဟင့်အင်း...မလာဘူး သမီး လာထုတ်လဲ...အလုပ်ကိစ္စမှန်သမျှ သမီးနဲ့ ရှင်းလို့ ပြောလိုက်မှာပဲ...အမေတော့ မထုတ်ပေးရဲဘူး တခုခု မှားသွားရင် စာရင်းရှုပ်ကုန်မယ်...**
ချိုချို ဘာမှ ပြောမနေတော့...။မေမေနဲ့တော့ ခက်ရချည်ရဲ့..။ချိုချို မရှိတော့လျင် ဘယ်လိုလုပ်မလဲ မသိ..။ဖေဖေ ဆုံးပါးသွားပြီးကတည်းက မေမေရယ် ၊ ချိုချိုရယ် ၊မောင်လေး ဟိန်းလတ်ရယ် မိသားစု သုံးဦးကျန်နေခဲ့ရာ ဘာမှ မလုပ်တတ် မကိုင်တတ်သော မေမေ့ကြောင့် မိသားစုအရေးငဲ့ကွက်ပြီး ဆယ်တန်းကျောင်းသူ ဘဝမှ ထွက်ခဲ့ရသည်။ အားကိုစရာလူမရှိသဖြင့် လက်ရှိလယ်အား သီးစားလေးချ၊ ဘဲဥအကောက်ဒိုင်ဖွင့်၊ တရားမဝင် နှစ်လုံး၊သုံးလုံး ချဲထီကော်မရှင်စားလေးရောင်း၊ အထည်များကို လစဉ်ပေးသဘောမျိုး ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးကို ဦးဆောင်ခဲ့ရတာ ယနေ့ထိ...။
ငယ်ငယ်ရွယ်ရွယ်နှင့် စီးပွားရေးကို အာရုံထဲ နှစ်ထားသဖြင့် နှလုံးသား ရေးရောတွေ ဂရုမစိုက်အားပဲ လျစ်လျူရှုထားခဲ့တာ အသက်ပင် ၂၈ ရောက်လာခဲ့သည်။တချို့ကပင် အပျိုကြီးဆိုသော ဂုဏ်ပုဒ်တပ်၍ ခေါ်နေကြပေပြီ...။ဒါပေမယ့် လွန်ခဲ့သော နှစ်နှစ်ခန့်က ကညင်ပင်ရွာသား ကိုစိုးဝေ၏ မေတ္တာကမ်းလှမ်းမှုကို ရပြီး ချိုချို၏ နှလုံးသား အရည်ပျော်ခဲ့ရသည်။ချိုချို့အဖြေကို ရဖို့ တစ်နှစ်ကျော် အောင့်အီး စောင့်နေခဲ့ ကိုစိုးဝေ..။ချိုချိုက အောင်မှတ်ပေးပြီး အဖြေပေးလို့မှ မကြာခင် လက်ထပ်ခွင့်ပါတောင်းလာတော့ ချိုချို မငြင်းဆန်နိုင်ပြန်...။နှစ်ဘက်မိဘ ကမ်းလှမ်း သဘောတူမှုနှင့် အတူ ဝါကျွတ်လျင် လက်ထပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ချိုချို ယောက်ျားရပြီး ယောင်နောက်ဆံထုံးပါခဲ့လျင် ဒီအမေနဲ့ ဒီမောင်ကို ဘယ်သူကြည့်ပြီး စီးပွားရေးကို ဘယ်လိုလုပ်ရပါ့...။ယောင်နောက် ဆံထုံးမပါပဲ ဆံထုံးနောက် ယောင်ပါအောင်တော့ ကိုစိုးဝေကို နဲနဲ ချွဲကြည့်အုံးမှပါလေ...။ ချိုချို ကိုယ့်အတွေးနှင့်ကိုယ်တွေး၍ ပြုံးလိုက်မိသည်။
**ဟယ်...မိန်းကလေးတစ်ယောက် ချောလိုက်တာ...ဘယ်သူများပါလိမ့်...**
ချိချိုတို့အိမ်ကို စူးစူးစိုက်စိုက်ကြည့်၍ အိမ်ရှေ့မှ ဖြတ်သွားသော အနီရောင်ဝမ်းဆက်ဝတ် သက်တူရွယ်တူ ခန့် ချောမောလှပသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရ၍ ချိုချို နှုတ်မှထုတ်ပြီး ချီးကျူးမိကာ လိုက်လံငေးမောနေမိသည်။
မိန်းကလေး၏ အကြည့်မှာ ချိုချို့ကို ဦးတည်၍ စူးစိုက်ကြည့်နေသလိုလို...။သူမ၏့ မျက်လုံးများကလည်း ထူးဆန်းနေသလိုလို ။အဝေးကကြည့်နေတာပင် မျက်လုံးမှာ အစိမ်းရောင် ဖြာထွက်နေသယောင်ယောင်နှင့် ဒေါသခက်ထန်သော အကြည့်မျိုး...။ ရုပ်ကလေးနှင့်မလိုက်သော သူမ၏ အကြည့်များက ဘာကြောင့်မှန်းမသိ...။ချိုချို ကျောထဲစိမ့်ကနဲ့ ဖြစ်သွားစေသည်။
**ဟင်...ဘယ်ရောက်သွားတာလဲ...**
******************************
အပိုင်း .(၂ )ဆက် ရန်
တခါတည်း အပြီးတင်ထားပါသည်။ ရှာဖတ်ပါ ။တပုဒ်တည်း ပေါင်းတင်လျင်
စာအကုန်မပါပဲ စာဖျက်ချလို့ပါ။
ချစ်သား မာရ်နတ်(Y,A,P)
Credit "ရန်အောင်ဖြိုး
No comments:
Post a Comment