Friday, October 7, 2016

သုံးလွန်းတင်ကြိုး ပြတ်သောအခါ

သုံးလွန်းတင်ကြိုး ပြတ်သောအခါ

တကယ်တော့ ကျွန်မဟာ သာဝတ္ထိပြည်က ကုန်သည်တစ်ဦးရဲ့ ဇနီးမယားဖြစ်ခဲ့သူပါ။ အရွယ်ရောက်ရုံမှာ အိမ်ထောင်ကျခဲ့ရတဲ့ ကျွန်မဟာ ယောက်ျားဖြစ် အချစ်အခင် အကြင်အနာအယုအယတွေနဲ့ သာယာပြီး ကာမဂုဏ်ခံစားမူတွေကို မွတ်သိပ်စွာ သောက်လေသောက်လေ ငတ်မပြေအောင် နှစ်သက်စွာ ခံစားခဲ့သူ ဖြစ်ခဲ့ရပါတယ်။ တစ်မနက်မှာတော့ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်း ကျွန်မမောင့်ကို တိုးတိုးလေးပြောပြဖို့ ရင်ခုန်စွာမောင့်ဘက်ကို လူးလွန့်လှည့်ကြည့်လိုက်တော့ မောင်မရှိတော့ဘူး။ ဟင်….. မောင်ဘယ်အချိန် အိပ်ရာက ထသွားပါလိမ့်။ ကျွန်မအိပ်ရာက လူးလဲထပြီး အိမ်ထဲအိမ်ပြင် မောင့်ကို တကြော်ကြော် ခေါ်ကြည့်လိုက်တော့မှ မောင်ဟာ မိုးလင်းခါနီး ခုနလေးကမှ ရာဇဂြိုဟ်မြို့ကို ကုန်ရောင်းသွားဖို့ လှည်းပေါ်မှာ ကုန်တွေတင်ပြီး ထွက်သွားပြီတဲ့ မောင်ဟာ ကျွန်မနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို စာနာထောက်ထားပြီး မနှိုးရက်ဘဲသွားတာပါလား။ ကျွန်မမှာ မောင့်ရဲ့ကိုယ်ဝန်ရှိနေပြီဆိုတာ မောင်သိတောင်မသွားခဲ့ရပါလား။  ဒီနောက်မှာတော့ ကျွန်မဟာ ကိုယ်ဝန်ဆောင်ရတဲ့ မိန်းမသားတွေမှာ ဖြစ်ပေါ်ခံစားရတဲ့ သဘာဝအတိုင်း ထိုင်းထိုင်းမှိုင်းမှိုင်း ၊ လေးလေးလံလံ ၊  တမူးမူး တဝေဝေ ၊ တအော့အော့ တအန်အန် မစားနိုင် ၊ မအိပ်နိုင် ဒုက္ခကြီးစွာခံစားရင်း တစ်နေ့ထက်တစ်နေ့ ရက်လချီလာတော့ ကျွန်မကိုယ်ဝန်ဟာ ရင့်မာပေါ်လွင်ထင်ရှားလာပါတော့တယ်။

ဒီအချိန်ကစပြီး ကျွန်မကံဆိုး မိုးမှောင်ကျပြီး အတိဒုက္ခရောက်ခဲ့ရပါတော့တယ်။ “ဟဲ့ကောင်မ ငါ့သား ခရီထွက်သွားတာကြာပြီ။ အခုနင့်မှာ ကိုယ်ဝန်တည်နေပြီ။ နင်ဟာ အကျင့်တန်ဖေါက်ပြန်ယုတ်မာနေပြီဆိုတာ သိသာပေါ်လွင်နေပြီ။ နင်လို အယုတ်တမာမကို ငါ့အိမ်မှာ မထားနိုင်ဘူး အခုဆင်းသွား” ယောက္ခမအမေကြီးရဲ့ တင်းမာတဲ့ မျက်နှာထားနဲ့ စက်ဆုပ်ရွံရှာစွာ ကျွန်မကို စွပ်စွဲလိုက်တဲ့စကားကြောင့် ကျွန်မနားထဲ သံရေပူလောင်းထည့်လိုက်သလို ခံစားလိုက်ရပြီး ကျွန်မနားနှစ်ဖက်ကို ပိတ်လိုက်မိရင်း နုံချာလှတဲ့ ကျွန်မရဲ့ဘဝကို တွေးမိတိုင်း မျက်ရည်ပေါက်ပေါက် ကျခဲ့ရပါတယ်။  တကယ်တော့ ကျွန်မဟာ ဆွေမရှိ မျိုးမရှိ မိဘမဲ့ တစ်ကောင်ကြွက် မျက်နှာငယ်ခဲ့ရသူပါ။ ရုပ်ရည်လှပတာကလွဲလို့ အစစကံမွဲခဲ့သူပါ။ သိမ်ငယ်နိမ့်ကျလှတဲ့ ကျွန်မဘဝကို ကြင်နာစွာယုယထွေးပိုက်ခဲ့တဲ့ မောင့်ကို အားကိုးယုံကြည်စွာ ဘဝကို ပုံအပ်ခဲ့သူပါ။ မောင်ကလွဲလို့ ကျွန်မဘယ်ယောက်ျားနဲ့မှ မပတ်သက်ဖူးတာကို ကျွန်မသစ္စာဆိုဝံ့ပါတယ်။  ဒါပေမယ့် ခရီးထွက်သွားတဲ့ မောင်တောင်သိမသွားခဲ့ရတဲ့ ကျွန်မရဲ့ကိုယ်ဝန်ဟာ အရင့်အမာကြီး ဖြစ်နေတာမို့ ကျွန်မအပေါ် အထင်အမြင်သေး မယုံမကြည်နိမ့်ကျဆက်ဆံတတ်တဲ့ ယောက္ခမကြီးကို ကျွန်မမျက်ရည်ခံထိုးပြီး အနူးအညွတ်ခြေသလုံးဖတ်တောင်းပန်ခဲ့တာတောင် ကျွန်မကို စက်ဆုပ်ရွံရှာဖွယ်ရာ သတ္တဝါတစ်ကောင်လို အညှာအတာကင်းမဲ့စွာ နှင်ချလိုက်တာမို့ ကျွန်မအဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မျက်ရည်သုတ်ရင်း ဒယိမ်းဒယိုင် အိမ်ပေါ်ကဆင်းခဲ့ရပါတယ်။

ကျွန်မ ဘာဆက်လုပ်ရမှာလည်း။ ကျွန်မဘဝဟာ သောင်ပြင်မှာလွှတ်လိုက်တဲ့ခွေးလို ဆောက်တည်ရာမရ  ဖြစ်နေရပါပြီ ကိုယ်ဝန်အရင့်အမာဆောင်ထားရတဲ့ မိန်းမသားတစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့အဖြစ်သနစ်အမှန်ကို မသိကြဘဲ ပြက်ရယ်လှောင်ပြောင်စက်ဆုပ်တဲ့ မျက်လုံးတွေ အကြင်နာကင်းမဲ့စွာ လက်ညှိုးတိုး ပြက်ရယ်ပြုနေကြတဲ့အသံတွေကြားကနေ ဝေးရာကို ကျွန်မပြေးထွက်ခဲ့ရပါတော့တယ်။ တွယ်ရာမဲ့ အားကိုးမဲ့ဖြစ်နေတဲ့ ကျွန်မကို မောင်တစ်ယောက်သာ နားလည်ခွင့်လွတ်နိုင်မှာမို့ မောင်ရှိနေမယ့် ရာဇဂြိုဟ်မြို့ဆီကို အားတင်းပြီးမျှော်မှန်း ထွက်ခွာလာခဲ့ပါတယ်။ ပြင်းထန်လှတဲ့ နေပူကျဲတဲမှာ အဖေါ်မဲ့မိန်းမသားကျွန်မ စားရမဲ့ သောက်ရမဲ့ နွမ်းလျမောပန်းစွာလျှောက်လှမ်းရင်း ရှေ့မှာ လူသူကင်းမဲ့ သီခေါင်လှတဲ့ ကျိုးတိုးကျဲတဲယိမ်းယိုင်ပြိုကျလု ဇရပ်အိုတစ်ခုကို တွေ့လိုက်ရလို့ လဲပြိုမတတ် ခြေလှမ်းနဲ့အာားတင်းလှမ်းပြီး ဇရပ်ပေါ်ကို မနည်းကုတ်ခြစ်တွယ်ဖက်ပြီး တက်ခဲ့ရပါတယ်။ ကျွန်မျက်လုံးတွေပြာနေပါပြီ မောလွန်းလို့ လှဲအချလိုက်မှာ မိုက်ခနဲသတိလစ်မတတ် ဖြစ်သွားပြီး ဝမ်းဗိုက်တစ်ခုလုံးပေါက်ကွဲထွက်သွားမတတ် မချိမဆံ့ ချွေးသီးချွေးပေါက် တွေ ကျလောက်အောင် နာကျင်လွန်းလို့အော်ဟစ်ညစ်ညူးနေရာကနေ မနေနိုင် မထိုင်နိုင် မအောင့်နိုင် အအည်းနိုင် အသက်မသာ ကမ္မဇလေတွေ တွန်းကန်လှုပ်ရှားလို့  အံကြိတ်ပြီး တစ်ယောက်တည်း ကူညီဖေးမသူကင်းမဲ့စွာနဲ့ သားလေးတစ်ယောက် ဖွားမြင်ခဲ့ရပါတယ်။

ကျွန်မသားလေး အို … အမေ့သားလေး၊ ရွှေရုပ်ကလေးနှယ် ချစ်စရာကောင်းလိုက်တာ။ ကျွန်မရင်ထဲ သားလေးကို တစိမ့်စိမ့်ကြည့်ရင်း“သားတို့ရုပ်ရည် သီတာမည်သား ရေကြည်ချမ်းမြ တစ်ပေါက်လေးကျက မိဘတို့၏ဝမ်းငြိမ်းစတန်းတည့်”ဆိုသလို ချစ်လိုက်ရတာ…..။ အို…..နို့ချိုတိုက်ကျွေးလို့လည်းကောင်းကောင်းမစို့တတ်သေးပါလား။ မငိုပါနဲ့ သားလေးရယ် သြော်…..ရေဆာလို့နဲ့တူတယ် အမေ ရေသွားရှာလိုက်ဦးမယ်  သားလေးတိတ်တိတ်နေနော်လို့ သားလေးကို ကျွန်မရဲ့ ရင်လွှမ်းပဝါလေးနဲ့ ထွေးပိုက်ထားခဲ့ပြီး ကျွန်မ ရေရှာထွက်ခဲ့တယ်။ ကိုယ်မရောက်ဖူးတဲ့ တောစပ်မှာ ရေရှာရင်း စမ်းတဝါးဝါးနဲ့လျှောက်ခဲ့ရာက ကံအားလျော်စွာ ရေအိုင်လေးတွေ့လို့ ပဒုမ္မာကြဖက်နဲ့ ရေကို ကန်တော့လုပ်ယူပြီး ဇရပ်ဆီပြန်အရောက်မှာ ကျွန်မအသည်းနှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရပါတော့တယ်။ ဟင်…ကျွန်မသားလေး မတွေ့တော့ပါလား ကျွန်မရင်ထဲ ဗလောင်ဆူသွားပြီး လက်ထဲက ရေထည့်ယူလာခဲ့တဲ့ ဖက်ရွက်လွတ်ကျသွားရပါတယ်။ အပြေးအလွှား အရူးမီးဝိုင်းသလို ဇရပ်ပေါ်ပြေးတက်ပြီး ကျီးကန်းတောင်းမှောက် ပတ်ချာလည် သားလေးကို ရှာကြည့်တော့လည်း မတွေ့ရတော့ဘူး ကျွန်မရင်ထဲ မီးတောက်နေပြီး။  သားလေးရေ… သားလေးရေလို့ တကြော်ကြော်အော်ဟစ်မြည်ကြွေးရင်း သားလေးဘယ်ပျောက်သွားပါလိမ့်။ မပြောကောင်းပြောကောင်း သားရဲတိရစ္ဆာန် ကိုက်ချီဆွဲသွားရင်လည်း ကုတ်ရာခြစ်ရာ သွေးစသွေးနလေးတွေ တွေ့ရမယ်။ ခရီးသွားလမ်းလာတစ်စုံတစ်ယောက် ခေါ်သွားတာပဲ ဖြစ်ရမယ်။

ကျွန်မသားလေးကို ခေါ်သွားရင်ပြန်ပေးကြပါရှင်၊ ကျွန်မရှိခိုးပါရဲ့၊ ကျွန်မသားလေး တောစပ်အနှံ့တကြော်ကြော် ဟစ်ကြွေးငိုရှိုက်ရင်း တောစပ်ချုံကွယ်တစ်ခုက ဘွားခနဲ့ထွားထွားကြိုင်းကြိုင်းလူကြမ်းကြီးတစ်ယောက် ရုတ်တရက်ထွက်လာကာ ကျွန်မလက်ကို သူ့လက်ကြမ်းကြီးနဲ့ ဆွဲထားလိုက်ပြီး…“ ဒီမှာသူငယ်မ လူမနီး သူမနီးတောထဲမှာ တကြော်ကြော်နဲ့ သားပျောက်ရှာနေရသလား မင်းလေးကြည့်ရတာ နုနုနယ်နယ် ချောချောလှလှလေးနဲ့ လင်ရှိရင် သားရတာပေါ့ သိလား”ဆိုပြီး ကျွန်မကို အို…ရုန်းကန်နေတဲ့ကြားက မုံယိုနေတဲ့ဆင်ရိုင်းတစ်ကောင်နဲ့တူတဲ့ သူရဲ့ အနိုင်ကျင့်တာကို မလူးသာမလွန့်သာ ခံစားလိုက်ရပါတယ်။ တရှုပ်ရှုပ်ငိုရှိုက်နေတဲ့ကျွန်မကို ချော့လိုက်ခြောက်လိုက်နဲ့ စွေခနဲ ပွေ့ချီပြီး သူခေါ်ဆောင်ရာကို  ရုန်းကန်ငိုကြွေးရင်း ကျွန်မလိုက်ပါခဲ့ရပါတော့တယ်။ တကယ်တော့ ဒီလူကြမ်းကြီးဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတစ်ယောက်ဖြစ်ပြီး စိတ်နဲ့မတွေ့ရင် လူတစ်ယောက်ရဲ့ အသက်ကို ပုရွတ်ဆိတ်တစ်ကောင်လောက်တောင်မှ တန်ဖိုးမထား သတ်တတ်ဖြတ်တတ်တဲ့သူဖြစ်လို့ ကျွန်မ ကြောက်ကြောက်ရွံ့ရွံ့နဲ့ပဲ သူနဲ့နေခဲ့ရာမှ ကျွန်မသူ့သွေးကို ကိုယ်ဝန်ဆောင်ခဲ့ရပြီး သမီးလေးတစ်ယောက်မွေးဖွားခဲ့ရပြန်ပါတယ်။

တစ်နေ့မှာ ကျွန်မသမီးလေးကို နို့တိုက်နေတုန်း ကျွန်မဟာ လှောင်အိမ်ထဲကငှက် ငယ်လို ဒီဓားပြကြီးရဲ့အနိုင်ကျင့်ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရတဲ့ ဘဝကို ကြေကွဲဝမ်းနည်းစွာ တွေးမိပြီး ငိုင်နေမိတယ်။ ဒီအချိန်မှာ  ကျွန်မကို အနိုင်ကျင့်ပြီး သားမယားအဖြစ် ပြုခဲ့တဲ့ ဓားပြကြီးဟာ ဘာကို စိတ်အခန့်မသင့်ဖြစ်လာတယ်မသိဘူး။ ကလေးနို့တိုက်နေတဲ့ကျွန်မကို “ဟဲ့… ဗိုင်းတာမ နင်ဘယ်လင်ကို ဆွေးပြီးငိုင်နေတာလဲ” ဆိုပြီး ခြေထောက်နဲ့ကန်လိုက်တာ ကျွန်မ ဝုန်းခနဲ မှောက်လဲသွားပြီး ကျွန်မရင်ခွင်ထဲက သမီးလေးရဲ့ ဦးခေါင်းဟာ အနားကတိုင်နဲ့ဆောင့်မိပြီး သွေးတွေဖြာခနဲထွက်ကာ ကြူကြူပါအောင် ငိုနေရှာတယ်။ ဒါကို လူမဆန်တဲ့ဓားပြကြီးက လှည့်တောင်မကြည့်ဘဲ ဆဲဆိုကြိမ်းမောင်းပြီး ပြန်ထွက်သွားတယ်။ ကျွန်မငိုရှိုက်ရင်း လူလဲထပြီး သမီးလေးခေါင်းကို ကြည့်လိုက်တော့  ခေါင်းပေါက်သွားတာနည်းတဲ့ဒဏ်ရာမဟုတ်ဘူး။ ကျွန်မသမီးလေးခေါင်းက သွေးတွေတိတ်သွားအောင် မျက်ရည်စက်လက်နဲ့ အဝတ်စတစ်ခုနဲ့ ပတ်ပေးထားပြီး ငိုနေတဲ့သမီးလေးကို ချော့နေတုန်း ဒီလူစိတ်ပျောက်နေတဲ့ ဓားပြကြီးဟာ ဆဲဆိုကြိမ်းမောင်းရင်း ကျွန်မတို့ဆီ ပြန်လှည့်လာနေတာကို ခပ်လှမ်းလှမ်းမှာ တွေ့လိုက်ရတာမို့ ကျွန်မ ကြောက်အားလန့်အား အသက်လုပြီး ခြေဦးတည့်ရာထွက်းပြေးခဲ့တာ သမီးလေးကျန်ရစ်ခဲ့တော့တယ်။

ကျွန်မမပြန်ရဲတော့တာမို့ မချိတင်ကဲ သမီးလေးနဲ့ခွဲခွါပြီး ပုန်းခိုပြေးလွှားခဲ့ရာက ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ကျွန်မရဲ့ဘဝ ကံအကျိုးပေး နုံချာလှပုံကို ရင်နာနာနဲ့ တွေးတောလျှောက်လှမ်းခဲ့ရင်း ရာဇဂြိုဟ်မြို့ကို ရောက်လာခဲ့ပါတယ်။ လင်နှစ်ယောက်ပြောင်း သားသမီးနှစ်ယောက်ရခဲ့တဲ့ ကျွန်မဟာ မောင့်ကိုလည်း မတွေ့ရဲတော့ပါဘူး။ မောင့်သတင်း စုံစမ်းကြည့်တော့လည်း ရာဇဂြိုဟ်မှာ မရှိတော့ဘဲ သာဝတ္ထိပြန်သွားပြီတဲ့။ မောင်က ကျွန်မကို သစ္စာမဲ့တဲ့မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပဲလို့ထင်တော့မှာပါလေ။ ကျွန်မရဲ့ကံကြမ္မာက ဒီလိုဖန်ခဲ့ရပြီကိုး။  ကျွန်မဟာ တစ်ကောင်ကြွက်  တစ်ဦးတည်းပေမို့ ဒီရာဇဂြိုဟ်မြို့မှာပဲ အဆင်ပြေသလို လုပ်ကိုင်စားသောက်ရင်း နေခဲ့ရတယ်။ တစ်ဝမ်းတစ်ခါးပေမို့ လုပ်လုပ်စားစားနဲ့ နေခဲ့တာ ဆယ့်ခြောက်နှစ်တောင် ကျော်လာခဲ့ပါပြီ ကျွန်မအသက် သုံးဆယ်ကျော်လာပေမယ့် ရှေးကုသိုလ်ကံကြောင့်ထင်ရဲ့ ကျွန်မရုပ်ရည်ဟာ တင့်တယ်တုန်းပေမို့ ကျွန်မကိုလက်ကမ်းသူတွေရှိနေပေမယ့် ကျွန်မအပူမရှာဝံ့တော့ပါဘူး။

လေးမှန်ဖူးတဲ့ ငှက်သူငယ်လို ဖြစ်ခဲ့ရပါပြီ။  ဒါပေမယ့် ကျွန်မရဲ့ကံလို့ပဲဆိုရလေမလား တစ်နေ့မှာ အမှတ်မထင် သူနဲ့တွေ့လိုက်ရတယ်။ သူဆိုတာက ကျွန်မထက် အသက်ထက်ဝက်လောက်ငယ်မယ့် လုလင်ပျိုတစ်ယောက်။ ကျွန်မကုန်သည်တွေရဲ့လှည်းတန်းနားအရောက်မှာ ရှေ့ဆုံးလှည်းပေါ်က ဖျတ်ခနဲ့ခုန်ဆင်းလိုက်တဲ့ လုလင်ပျိုကလေးဟာ တိုက်တိုက်ဆိုက်ဆိုက် ကျွန်မနဲ့ မျက်နှာချင်းဆိုင် ရပ်မိနေရာက ကျွန်မကို ရွှန်းရွှန်းစားစား စိန်ပွင့်လို တဖျပ်ဖျပ်တောက်နေတဲ့ သူရဲ့မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ရင်း မပြုံးတုံ့တုံ့နဲ့ ဖြစ်နေတာမို့ ကျွန်မအသက်ရှူမှားသွားပြီး ရှက်စနိုးနဲ့ ခေါင်းငုံ့ပြီးရပ်နေမိတယ်။  ဘယ်လောက်ကြာသွားတယ်မသိဘူး။ သူက “မမ”လို့ ချိုလွင်တဲ့အသံနဲ့ခေါ်လိုက်တဲ့အခါမှာတော့ မှင်တက်မိနေရာက ကျွန်မရင်ဖိုစွာနဲ့ သူ့ကိုကြည့်လိုက်မိတယ်။ သူရဲ့ ရွှန်းလဲ့တဲ့မျက်လုံးအကြည့်ဟာ ဘယ်လိုအဓိပ္ပါယ်ဆောင်တဲ့စကားတွေ အများကြီးပြောနေတယ်ဆိုတာကို ကျွန်မနှလုံးသားက သိနေခဲ့ပါတယ်။

သူက ဗာရာဏသီပြည်က လှည်းကုန်သည်မှူးရဲ့သားတဲ့။ နောက်တော့ သူက ကျွန်မကို လက်ထပ်ခွင့်တောင်းလာတဲ့အခါမှာတော့ ကျွန်မ ငိုင်နေမိတယ်။ “မမ”လို့ စိတ်သိပ်မရှည်တဲ့ လေသံကြားလိုက်တော့ ကျွန်မ ရီဝေတဲ့ မျက်လုံးနဲ့သူ့ကိုကြည့်ရင်း “မောင်လေးရယ် မင်းထက်အသက်ထက်ဝက်ကြီးတဲ့ မမကိုလက်ထပ်ဖို့မသင့်တော့ဘူးထင်တယ်” လို့ သက်ပြင်းချရင်း လေးလေးတွဲ့တွဲ့ ပြောလိုက်တော့ “အို…မမကလည်းချစ်တာပဓာနပဲ။ ကြီးရင်မှီ ငယ်ရင်ချီတဲ့ ကဲ - သိပြီလား”ဆိုပြီး တယုတယထွေးပိုက်လိုက်တဲ့သူ့ရင်ခွင်ထဲမှာ ကျွန်မပြောမပြတတ်အောင် သာယာကြည်နူးခဲ့ရပါတယ်။ ဒီလိုနဲ့ သူနဲ့ကျွန်မ မိုးမမြင်လေမမြင် ချစ်မိုးမွှန်နေတုန်းမှာပဲ တစ်နေမှာတော့ သူ့ကို ကျွန်မရဲ့ ရင်ခွင်ထဲက ဆွဲယူခဲ့သူတစ်ယောက်ပေါ်ပေါက်လာပါတော့တယ်။ သူက အဲဒီ မိန်းကလေးက သိပ်သနားစရာကောင်းလှပြီး သူ့အဖေကို လူဆိုးဓားပြတွေက သတ်ပစ်လိုက်ပြီး သူ့ကိုမတရားပြုကျင့်မယ်အကြံမှာ  ကြောက်အားလန့်အားထွက်ပြေးလာခဲ့ရရှာတာမို့ ဒီမှာမမနဲ့အတူတူစောင့်ရှောက်ထားပါရစေတဲ့။

ကျွန်မအသည်းနှလုံးတွေ ပြုတ်ကျသွားသလို ခံစားလိုက်ရပါတယ်။ ကျွန်မရင်ထဲ ဗလောင်ဆူသွားပြီး ဟာလာဟင်းလင်းဖြစ်သွားရာက စီးကျလာတဲ့ မျက်ရည်ကြားက ဝေသီတဲ့မျက်လုံးနဲ့ သူတို့နှစ်ယောက်ကို ကြည့်နေမိတယ်။ မိန်းကလေးက တကယ့်အချောလေးပဲ။ သူတို့နှစ်ယောက် အရွယ်ကလည်း မတိမ်းမယိမ်း မိန်းကလေးက တစ်နှစ်လောက်ငယ်လိမ့်မယ်ထင်တယ်။ ပျိုမျစ်နုနယ် တင့်တယ်လှသူတွေမို့ လိုက်ဖက်လှပါတယ်။ တကယ်တော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းဆိုတာ ကျွန်မ ခံစားသိရှိလိုက်ရပါပြီ။ ပြီးတော့ မောင်လေးကို ကျွန်မသိပ်ချစ်တယ်။ ကျွန်မလေ သူ့ကို လင်လိုတစ်မျိုး သားလိုတစ်မည် ခွင့်လွှတ်လိုက်လျောပြီး အချစ်ကြီးချစ်ခဲ့ရတာမို့ သူစိတ်ချမ်းသာမယ်ဆိုရင် ကျွန်မနှလုံးသားကို ဆွဲထုတ်ပေးဆိုရင်တောင် ပေးဝံ့ပါတယ်။  ပြီးတော့လည်း မိန်းကလေးကြည့်ရတာလည်း ချစ်စရာလေး။ အို…ကျွန်မသမီးလေးသာရှိရင် ဒီအရွယ်လေးပေမို့ သူတို့နှစ်ယောက်ကို ကျွန်မကျေကျေနပ်နပ်ကြီး ခွင့်လွှတ်ပါတယ်။ ကျွန်မတို့ မိန်းမသားနှစ်ယောက် တစ်လင်တည်းနေခဲ့ကြတာ ဘာပြဿနာမျှ မရှိခဲ့ပါဘူး ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်းပါပဲ။ ကျွန်မ သူတို့နှစ်ယောက် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေတာကိုကြည့်ပြီး ကျေနပ်မိပါတယ်။ နှစ်ယောက်စလုံးကလည်း ကျွန်မကို မမလို အမေလို ဆိုးနွဲ့ကြတာလေ၊ ဒင်ကလေးတို့နှစ်ယောက် ကျွန်မကို အထီးကျန်ထားပြီး ခွဲမသွားရင်ဘဲ ကျွန်မကျေနပ်နေပါပြီ။

တစ်နေ့မှာတော့ ကျွန်မကို မိန်းကလေးက ကနွဲ့ကလျနဲ့ သူ့ဆံယဉ်လေးကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်ပေးဖို့ပြောလို့ ကျွန်မသူ့ဆံပင်ပျော့ပျော့ပျောင်းပျောင်းလေးကို ဘီးနဲ့ခွဲအပေးလိုက်မှာ ငယ်ထိပ်က ဆံပင်ကိုဖြီးလိုက်တော့ “ဟင်…အမာရွတ်ကြီးပါလား။ ဘယ်တုန်းက ထိမိခိုက်မိခဲ့တာလဲ မိန်းကလေးရယ်” လို့ကရုဏာနဲ့မေးလိုက်မိပါတယ်။ သည်အခါမိန်းကလေးရဲ့လေသံကတင်းမာသွားပြီး “ ဒီအမာရွတ်က အမေနဲ့အဖေရန်ဖြစ်ရာက ကြားထဲက ကျွန်မမှာ သေရာပါဒဏ်ရာကြီး ဖြစ်ခဲ့ရတာပါ။ ဒီဒဏ်ရာကြီးနဲ့မွေးကင်းစလေးဖြစ်တဲ့ ကျွန်မကို အမေမပီသတဲ့ အမေက ထားပစ်ခဲ့ပြီး စွန့်ခွါသွားခဲ့တာလေ”  အို… အမေမပီသတဲ့အမေဟုတ်လား။ ကျွန်မ မိုက်ခနဲ့ရင်ထဲမှာနင့်သွားအောင် ခံစားလိုက်ရတယ်။ “ဖြစ်ရလေမိန်းကလေးရယ် ဒါ …ဒါဆို မင်းဟာ ဓားပြကြီးသမီးလေးပေါ့ဟုတ်လား” ကျွန်မစိတ်တွေအရမ်းလှုပ်ရှားသွားပြီး အသက်မရှုတမ်း မေးကြည့်လိုက်တော့ “ ဟင်…မမဘယ်လိုလုပ်သိတာလည်းဟင်” လို့ မိန်းကလေးက မျက်လုံးအဝိုင်းသားလေးနဲ့ကျွန်မကိုစိုက်ကြည့်ပြီး မေးလိုက်တော့ ကျွန်မရူးမတတ်ခံစားလိုက်ရတယ်။

“သမီး အမေဟာ သမီးလေးရဲ့ အမေပါသမီးလေးရယ်။ အမေ့ကိုအထင်မလွဲပါနဲ့ အမေလေ သမီးလေးကို အမေမပီသနိုင်လောက်အောင် စွန့်ခွါပြေးခဲ့ရတာက အမေ့အသက်ဘေးကြောင့် ထွက်ပြေးခဲ့ရတာပါ သမီးလေးရယ်။ အမေ့ကို ခွင့်လွှတ်ပါနော်။ အမေတောင်းပန်ပါတယ်” ကျွန်မမျက်ရည်လည်ရွှဲနဲ့ ပြောပြနေတာကို စိုက်ကြည့်နေတဲ့ သမီးလေးဟာ တသိမ့်သိမ့် ငိုယိုရင်း ကျွန်မကိုဖတ်ထားလိုက်တယ်။ “အမေ အမေရယ်” ဒီအခိုက်မှာ ကျွန်မနဲ့သမီးလေး နှစ်ယောက်လုံးရဲ့ လင်တော်မောင် တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာနဲ့ ကြုံသွားပြီး “ဘာဖြစ်နေတာလည်းဗျာ ပြောကြစမ်းပါဦး” ဆိုတော့ကျွန်မနဲ့ သမီးလေးရဲ့ ကံဆိုးလှတဲ့အဖြစ်နဲ့ သူနဲ့တစ်လင်တည်းမယား ဖြစ်နေရပုံကို ရှက်ရွံ့စွာပြောပြလိုက်ရပါတယ်။ ဒီအခါ သူက သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း“ကဲ…စိတ်ပင်ပန်းခံပြီး ငိုမနေကြနဲ့။ ဒီလိုတိုက်တိုက်ဆိုင်ဆိုင်အဖြစ်အပျက်တွေ ရှိတတ်ပါတယ်။ ကျွန်တော်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရဖူးတဲ့သူပါပဲ။ ကျွန်တော်ဟာ ရာဇဂြိုဟ်နဲ့ သာဝတ္ထိသွားတဲ့လမ်းခုလတ်ဇရပ်ပျက်မှာ စွန့်ပစ်ခဲ့ရတဲ့ မွေးကင်းစနို့စိုကလေးလေးပါ။

တိုက်တိုက်ဆိုင်ဆိုင် ဗာရာဏသီက လှည်ကုန်သည်မှူးကတွေ့လို့ မွေးစားခဲ့လို့သာ မသေကောင်း မပျောက်ကောင်းလို့ကံကောင်းထောက်မပြီး လူဖြစ်ခဲ့ရတာပါ”  ဟင်…ကျွန်မရဲ့ ဦးခေါင်းဟာ အိုးထိန်းစက်လို ချာလည်လည်သွားရပြန်ပါတယ်။ ကျွန်မနှလုံးသားဟာ တဆတ်ဆတ်ခုန်ပြီး ကျွန်မရဲ့ တဆတ်ဆတ်တုန်နေတဲ့  နှုတ်ခမ်းက တုန်တုန်ရီရီ ဆို့နင့်ကြေကွဲစွာနဲ့ “ သား…အမေ့ရဲ့သား၊ မင်းဟာ အမေမွေးခဲ့ရာက ပျောက်ဆုံးသွားတဲ့ အမေ့ရဲ့သားပါ။ ဆိုးဝါးလှတဲ့ကံကြမ္မာရယ် တို့သားအမိကိုမှရွေးပြီး နှိပ်စက်လှချည့်လား။ ခုတော့ တို့သားအမိတွေမှာ ကံကြမ္မာရဲ့  လှည့်စားမူကြောင့် ရှင်ကွဲကွဲနေခဲ့ရာက ခုတော့ သားနဲ့အမေ၊ သမီးနဲ့သား၊ တစ်လင်တည်းမယားအဖြစ် ကျော်မကောင်း ကြားမကောင်း ရှက်စရာကောင်းလှပါလား။

“အမေ…ညီမလေး” သားရဲ့နှုတ်ဖျားက ဝမ်းနည်းကြေကွဲစွာထွက်ပေါ်လာသလို “အမေ…အစ်ကို ကျွန်မတို့…”ဟင်ခနဲ့သမီးလေးရဲ့ ရှက်ရွံ့ဝမ်းနည်းစွာ ငိုရှိုက်သံ … ။ ကျွန်မရင်ထုမနာ ရှက်ရွံ့ငိုကြွေးနေရာက လင်းခနဲ့ အသိတစ်ခုဝင်လာခဲ့ပါတယ်။ အဒီအသိနဲ့အတူ သံဝေဂကြီးစွာရလိုက်ပါတယ်။  “သားတို့သမီးတို့ မငိုကြနဲ့တော့  တကယ်တော့ တို့သားအမိတွေ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ကြရတာဟာ မသိမှုအဝိဇ္ဇာကို အရင်းခံပြီး တပ်မက်မှုတဏှာနဲ့ ကာမဂုဏ်ရေယဉ်ကြောမှာ မျောပါမိခဲ့တဲ့အတွက် ပေါ်ပေါက်ခဲ့ရတဲ့ အပြစ်တွေပါ။ အမေတော့ ဒီကာမဂုဏ်အာရုံခံစားမှုတွေကို စက်ဆုပ်နေပြီမို့ ဒီအပြစ်တွေက လွတ်မြောက်ရာ ငြိမ်းအေးမှုဓမ္မကို ရှာဖွေတော့မယ်လို့ ဆုံးဖြတ်ပြီးပြီမို့ ဘိက္ခူနီမအဖြစ်နဲ့ သဗ္ဗညုဗုဒ္ဓမြတ်စွာရဲ့ သာသနာမှာခိုလုံကျင့်ကြံနေထိုင်တော့မယ်။ အမေ့ကို ခွင့်ပြုကြပါတော့ အမေသွားတော့မယ်” လို့ သားနဲ့သမီးကို သီဝေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး ထွက်ခွါဖို့ ကျောခိုင်းလိုက်တဲ့အခါ သမီးလေးက…  “သမီးကို ဒီတစ်ခါထပ်စွန့်ခွါသွားဦးမလို့လား အမေရယ်။ သမီးလည်း အမေနဲ့အတူ ဘိက္ခူနီပြုပါရစေ”လို့ပြောလိုက်တဲ့အခါမှာတော့  အမေနဲ့ညီမလေးတို့ရေ ငြိမ်းအေးမှုကိုရအောင် ရှာကြပေတော့ ကျွန်တော့လည်း ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်မှာ ဘိက္ခုအဖြစ်နဲ့ ငြိမ်းအေးမှုရအောင် ကျင့်ကြံနေတော့မယ်”လို့ပြောပြီး သားဟာ ကျောခိုင်းထွက်ခွာသွားပါတော့တယ်။

““ဒီနေရာမှာ ဖတ်ရှုသူအပေါင်း ဓမ္မရသမြောက်စေလို့သော စိတ်စေတနာနဲ့  စာရေးဆရာ၏ ထိပ်ဆုံးမှာ ရေသားထားခဲ့တဲ့ စာမူကို ပြန်လှည့်ကာ တင်ပြလိုပါတယ်။””  {အမေနဲ့သမီး တော်စပ်ကြတဲ့ ကျွန်မတို့နှစ်ယေက်ဟာ တစ်လင်တည်းမယားတွေ ဖြစ်နေကြရတယ်ဆိုတာ သိလိုက်ကြပါတယ်။ ဒီအခါမှာ ကျွန်မတို့ နှစ်ယောက်လုံး ရှက်ရွံ့တုန်လှုပ်ပြီး ကြက်သီးတဖြန်းဖြန်းထလို့ ဆောက်တည်ရာမရလောက်အောင် ထိပ်လန့်ချောက်ချားပြီး သံဝေဂကြီးစွာရခဲ့ကြပါတယ်။  ကာမဂုဏ်ခံစားမှုတွေဟာ စက်ဆုပ်စရာကြီးပါလား။ မစင်မကြယ် ရွံရှာစရာဖြစ်ပြီး မသတီစရာအနံ့တွေ ထောင်းထောာင်းထနေတာပါလား။ ပြင်းပြတဲ့ကိလေသာရမ္မက်ဆူး အစူးခံနေရတာပါလား။ ဒီစက်ဆုပ်စရာ ကာမဂုဏ်နွံအိုင်ထဲမှာ အမေနဲ့သမီးဖြစ်ကြတဲ့ ကျွန်မတို့ဟာ ကျွန်မရဲ့သားအရင်း၊ သမီးရဲ့မောင်အရင်းဖြစ်သူနဲ့ တစ်လင်တည်းမယားတွေ ဖြစ်နေကြတာပါလား။ ကျွန်မတို့သားအမိတွေ ဒီစက်ဆုပ်ရွံရှာစရာကောင်းလှတဲ့ ကာမဂုဏ်ရဲ့အပြစ်တွေကို ထိတ်လန့်ရှက်ရွံ့လွန်းလို့ ကာမဂုဏ်နွံအိုင်းထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်မှ ဒီအဖြစ်ဆိုးက လွတ်မြောက်မှာပါကလားလို့ သိမြင်ကြပြီး ယုတ်ညံ့တဲ့ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး မြင့်မြတ်တဲ့ရဟန်းဘောင်ကို ရဟန်းပြုခဲ့ကြပါတော့တယ်။  ဒီလိုယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ မကြားဝံ့မနာသာ ရှက်ရွံ့စက်ဆုပ်ဖွယ်ရာ အဖြစ်အပျက်နဲ့ တွေ့ကြုံခဲ့ရတဲ့ အကြောင်းရင်းကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ…..}

တကယ်တော့ ကျွန်မဟာ သာဝတ္ထိပြည်က ကုန်သည်တစ်ဦးရဲ့ အပေါ်မှာတင်ပြခဲ့ပြီးးးးးးးး

စာရေးဆရာ၏ စာကြွင်း။  ။

ဆွတ်ပျံ့ကြေကွဲဖွယ်ရာ နာကြည်းစက်ဆုပ်စရာကံကြမ္မာ၏ သားကောင်းများဖြစ်ကာ  ကျော်မကောင်း ကြားမကောင်းဖြစ်ခဲ့ရသော သားအမိသုံးဦးတို့၏ ရင်နင့်ဖွယ်ရာ ဤအဖြစ်အပျက်မှာ  ဗုဒ္ဓမြတ်စွာလက်ထက်တော် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က အကျော်ဇေယျဖြစ်၍ အလွန်ထင်ရှားခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ထေရဂါထာ ပါဠိတော် ဂင်္ဂါတိရိယဂါထာ၌လည်းကောင်း ထေရီအပဒါန်တို့၌လည်းကောင်း လာရှိပါသည်။  “သံသာရေဝိစရ န္တာနံ နပုတ္တာ နဓီတာနာမနတ္ထိ။ သံသရာ၌ ကျင်လည်နေကျသော သူတို့တွင်  သားသမီးမဖြစ်ခဲ့ဖူးသူ မည်သည်မရှိချေ(ဇာ၊ဋ္ဌ။ ၁၊၁၃၁)” ဟူသည့်အတိုင်း သံသရာခရီးသည် သားအမိသုံးယောက်တို့သည် သားနှင့်အမိ နှမနှင့်မောင် တစ်လင်တည်းမယား ဖြစ်နေမှန်းသိလိုက်ကြရသောအခါ ကြီးစွာရှက်ရွံ့ သံဝေဂရကြကာ အဝိဇ္ဇာအမှောင်ထုအောက်မှ လွတ်မြောက်အောင် ရုန်းကန်၍ သုံးဦးလုံး ရဟန်းပြုခဲ့ကြပါတော့သည်။

သားရဟန်း မှာ ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးနေထိုင်သည်ကို အစွဲပြု၍ ဂင်္ဂါတိရိယမထေရ်ဟု ထင်းရှား၍ မိခင်မှာလည်း သားရဟန်း၏အမည်ကို အစွဲပြုလျက် ဂင်္ဂါတိရိယမာတာဟု တွင်ခဲ့ပါသည်။ အဝိဇ္ဇာအမှောင်ထုမှ ရုန်းထွက်ခဲ့သော သားအမိသုံးဦးလုံးသည် ဤတစ်လံမျှလောက်သော ကိုယ်အတွင်း၌ပင်လျှင် လောကကိုလည်းကောင်း ၊ လောကက၏ဖြစ်ကြောင်းကိုလည်းကောင်း ၊ လောက၏ချုပ်ရာကိုလည်းကောင်း၊ လောက၏ချုပ်ရာသို့ရောက်ကြောင်း အကျင့်ကိုလည်းကောင်း သိမြင်ပြီးဖြစ်ကာ အာသဝေါတရားတို့မှ လွန်မြောက်ငြိမ်းအေးရာ အမှန်ဖြစ်သော သ န္တိသုခနိဗ္ဗာနဓာတ်ကို ရရှိခဲ့ကြလေပြီတကား။

ကျမ်းကိုး- ၁။ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ။ ၁။ အကျော်ဇေယျ ဗုဒ္ဓသမီးတော်များ - သုခ။
သဒိသံ ပါကံ ဇနေတိ။
Credit #
ဓဇ္ဇဂ္ဂ(မေ့သားလှ)