Monday, October 3, 2016

ဥစ္စာစောင့်မလေးရဲ့ အတ္တ

#ဥစ္စစောင့်၂

**ဥစ္စာစောင့်မလေးရဲ့ အတ္တ**
    -----------------------

    **ဟင်...ဘယ်ရောက်သွားတာလဲ...**

   ချိုချိုကြည့်နေရင်းမှပင် မိန်းကလေးက မြင်ကွင်းမှ ဖျက်ကနဲ့ပျောက်သွားသည်။သေသေချာချာ ရှာကြည့်သည် ....မတွေ့...။ချိုချို မျက်လုံးကို ပွတ်၍ ကြည့်တော့ အိမ်ရှေ့ခြံပေါက်ဝတွင် မိန်းကလေးကို ဖျက်ကနဲ့ ပေါ်လာသည်ကို တွေ့ရပြန်သည်။

ဟော...ပျောက်သွားပြန်ပြီ....။

     ချိုချို ဇဝေဇဝါ ဖြစ်သွားသည်။ငါပဲ အမြင်မှားတာလား...။အခုတလော ဘာဖြစ်နေမှန်း မသိ...။မျက်လုံးထဲမှာ အနီရောင် အရိပ်တွေ ခဏ ခဏ မြင်နေရသည်။

    ဟိုတစ်နေ့ကပဲ ဘဲဥသွားကောက်ရင်း တစ်စုံတစ်ယောက် လိုက်လာသလို ခံစားနေရသဖြင့် နောက်ကျောဘက်လှည့်ကြည့်လိုက်တော့ ဖျက်ကနဲ့ အနီရောင် အရိပ်တရိပ်မိမိဘေးမှ ဖြတ်ပြေးသွားသလိုလို...။လိုက်ကြည့်တော့လည်း ဘာမှ မရှိသဖြင့် ပါးစပ်က ရွတ်နေဆဲ ပရိတ်ကြီး (၁၁)သုတ်ကို ဆက်ရွတ်၍ ရှေ့ခြေလှမ်းဆက်လှမ်းမည်ပြုစဉ် မိမိရှေ့မှာ နွားချေးပုံကြီးကဲသို့ မည်းမည်းနက်နက်အရောင်နှင့် ခွေ၍ ငြိမ်နေသည့် မြွေကြီးတကောင်ကို တွေ့လိုက်ရလေသည်...။ရင်တုန် ပန်းတုန်နှင့် ကြောက်လန့်သွားသဖြင့် ချိုချို ခေါင်းပေါ်မှ ဘဲဥတောင်းတွေပါ ပြုတ်ကျ ကွဲကုန်သည်။တော်သေးသည်...ခြေတစ်လှမ်းသာ ထပ်လှမ်းလိုက်လျင် ယခုလောက်ဆို ချိုချို လောကကြီးမှာ ရှိတော့မည် မထင်။

   ထို့နောက်ပိုင်းကစပြီးတော့လည်း မိမိကို တစ်စုံတယောက်က စူးစိုက်ကြည့်နေသလိုလို မျက်လုံးထောင့်ထဲတွင် ဟိုသစ်ပင်အောက် ဒီသစ်ပင်အောက် ဟိုနေရာဖျက်ကနဲ့ ဒီနေရာ ဖျက်ကနဲ့ လူလိုလို အနီရောင်အရိပ်တွေကို ဖျက်ကနဲ့ ဖျက်ကနဲ့ တွေ့နေရသလိုလို ခံစားနေရပြီး မသိုးမသန့်နှင့် ကြက်သီးတွေ အကြောင်းမဲ့ တဖျန်းဖျန်း ထနေတတ်သည်။ယခုလည်း ထိုကဲ့သို့ ခံစားနေရပြန်သည်။

    **အံမလေး...ဘုရား...**

   ချိုချို ဘုရားတလိုက်မိသည်။ချိုချို့ အတွေး မဆုံးသေး... ။ အနီရောင်ဝတ်မိန်းကလေးမှာ အိမ်ရှေ့အတက်အဆင်းမှာ ဖျတ်ကနဲ့ ပေါ်လာပြီး မိမိကို ခက်ထန်စွာ စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်...။ချိုချို ထအော်ဖို့ စဉ်းစားလိုက်သည်။

   **အစ်...အစ်...အ..အ..အစ်...**

   အသံထွက်မလာ လည်ချောင်းဝမှာ တစ်သွားသည်။အော်ဖို့ကြိုးစားနေစဉ်မှာပဲ  မိန်းမပျို၏ လက်နှစ်မှာ ရှေ့သို့ ဆန့်တန်းရှည်လျားထွက်လာပြီး ချိုချို့လည်ပင်းကို အတင်းဖမ်းဆုပ် ညှစ်ခြင်း ခံလိုက်ရသည်။

    **အူး...အိ...အစ်..အစ်...**

  ချိုချို ရုန်းသည်။လည်ပင်းညှစ်ထားသည့်လက်ကို အတင်းဖယ်ထုတ်သည်...။မရ...။ထိုသို့ ရုန်းကန် နေရသည့် ကြားထဲ တကိုယ်လုံး အသားနီရဲ၍ ထွားကြိုင်းကြိုင်း ပါးစပ်မှ အစွယ်နှစ်ချောင်း ပြူးထွက်နေသည့် အကောင်ကြီး နှစ်ကောင် ဘယ်ကပေါ်လာမှန်းမသိ...တစ်ကောင်က ချို့ချို့ ခြောက်နှစ်ချောင်းကို တက်ဖိချုပ်ထားသည်။ တစ်ကောင်က ခေါင်းကို ခြေထောက်ဖြင့် ဖိနင်းထားသည်။ချိုချို အသက်ရှူများကြပ်လာသည်။မျက်လုံးများ ပြူးထွက်လာသည်...။မိန်းမပျို၏ လှပသောမျက်နှာပြင်ပေါ်မှ စိမ်းလဲ့လဲ့ မျက်ဝန်း..၊အေးစက်စက်အကြည့်...၊ရက်စက်မည့် မဲ့ပြုံး...ဘီလူးကြီး နှစ်ကောင်၏ ကြောက်မက်ဖွယ် မျက်နှာ....ချိုချို့၏ မျက်လုံးထဲ မှတဆင့် ရင်တွင်းကို စွဲထင်သွားသည်။ကြောက်လန့်မှုက အတိုင်းအဆမရှိတော့....။
    **ဟယ်...သမီး...ဘာဖြစ်တာလဲ...လာကြပါဦး...လာကြပါဦး တော်...ကျမ သမီးလေး ဘာဖြစ်တာလဲ မသိဘူး....**

    မီးဖိုချောင်ထဲမှ ထွက်လာသော ဒေါ်မြကျင်မှာ အိမ်ရှေ့ကြမ်းပြင်တွင် ကိုယ့်လည်ပင်း ကိုယ်ညှစ်၍ မျက်လုံးမျက်ဆံပြူး တအစ်အစ်အသံနှင့် လူးလှိမ့်နေသည့် သမီးချိုချိုကို တွေ့မြင်လိုက်ရကာ နှလုံးတွေ တုန်ယင်ကုန်သည်။ ရုတ်တရက်ဆောက်တည်ရာ မရဖြစ်ကာဘာလုပ်ရမှန်း မသိသဖြင့် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းမိလိုက်လေသည်။ ဒေါ်မြကျင်အော်သံကြောင့် ပတ်ဝန်းကျင် အိမ်များမှ လူများလည်း ဝရုန်းသုန်းကား ပြေးလွှားလာကြပြီး ချိုချို့ကို ဝိုင်းချုပ်သူကချုပ် ၊လက်တွေဖြည်ထုတ်သူကဖြည် ၊ခြေမလက်မ ချိုးသူကချိုး ရှုပ်ယှက် ခတ်ကုန်ကြသည်။ နားလည်သူများက

**ဒါ...ရိုးရိုးမဟုတ်ဘူး...အပမှီတာ...ပယောဂဝင်တာ...ဘုရားစာတွေ ရွတ်ကြ...ပရိတ်ရည်တိုက်...**

တရားစာ ရသူများက တရားစာရွတ်ကြ ဘုရားသောက်တော်ရေများ ၊ပရိတ်ရေများ တိုက်သူကတိုက်၊ ဖျန်းသူကဖျန်း၊ ပရိတ်ကြိုးများချည်ယူလာပြီး ချည်ပေးသူက ချည်ပေး ကြပြန်သည်။ ထိုအခါမှသာ ချိုချို လည်း သက်သာသွားသလိုဖြစ်ကာ ဝိုင်းဝန်းမေးမြန်းကြသူများကို လေသံသဲ့သဲ့လေးဖြင့် ပြန်ဖြေကြားနိုင်သည်။

    **ဒါ စိုးဝေနဲ့ ပတ်သတ်လို့ ဖြစ်ရတာပဲ...**

**စိုးဝေနဲ့ ရည်းစားဖြစ်သူမှန်သမျှ သိုက်က နှောက်ယှက်တာ ခံကြရတယ်...တချို့ဆို ရူးကြောင်ကြောင်ပါဖြစ်တယ်...နင်လဲ ကံကောင်းလို့ မသေတာ...**  

   ချိုချို ပြောပြသော ဖြစ်စဉ်စုံကို ကြားကြရပြီး လူအများ၏ သုံးသပ် စကားများ...။ချိုချို ကိုယ်တိုင်လည်း အစကတည်းက ကိုစိုးဝေနှင့် ပတ်သတ်မိ၍ အနှောင့်အယှက်အပေးခံရသူများအကြောင်းကို ချိုချို ကြားသည်၊သိသည်။သို့သော် ကိုစိုးဝေကို ချစ်သည်ကတကြောင်း၊မိမိကိုယ်တိုင်က ဘုရား၊တရားကို သက်ဝင်ယုံကြည်သူ၊အပတ်စဉ် ဥပုသ်သီလစောင့်၊ဘုရားစာ ပါးစပ်ကအမြဲမပြတ်ရွတ်ဖတ်နေတတ်သူမို့ အန္တရာယ်မပြုနိုင်လောက်ဟု ယုံကြည်သဖြင့် မကြောက်ရွံ့မိ...။

   အခုဖြစ်ပုံကြောင့် ချိုချိုမှာ အတော်လေးထိတ် လန့်သွား မိသည်။ကိုစိုးဝေနှင့် ရှေ့ဆက်ရမည့် အရေးကိုလဲ အတော်လေး ရင်လေးသွားရသည်။ဘယ်သို့ မည်ပုံ လုပ်ရမည်လည်လဲ ဟု တွေးတောရင်း ချိုချို စိတ်တွေ ဆောက်တည်ရာ မရတော့...အားငယ်စွာ မျက်ရည်ပါတွေပါ ကျမိသည်...။

---------------------------------------------------

     **ဟူး....**

   စိုးဝေ သက်ပြင်းမောကြီး ချမိသည်။ လုံးဝ အိပ်မပျော်။မျက်လုံးများက ကြောင်နေပြီး ဘုန်းကြီးကျောင်း ခေါင်မိုးကြီးကိုသာ  အဓိပ္ပယ်မဲ့ ငေးနေမိသည်။ ယနေ့နှင့်ဆို ဘုန်းကြီးကျောင်းမှာ စိုးဝေလာနေတာ သုံးရက်ရှိပြီ။တရက်မှ ကောင်းကောင်း အိပ်မပျော်သေး...။မျက်လုံးမှိတ်သည်နှင့် ဘုန်းကြီးကျောင်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည့် အနီရောင် မိန်းမပျိုကို တွေ့နေရသည်။ ကျောင်းမုခ်ဝ တစ်ဖက်တစ်ချက်မှာ ရပ်နေသည့် အသားနီစပ်စပ် ဘီလူးကြီးနှစ်ကောင်ကလည်း ကျောင်းအတွင်းကို စူးစိုက်ကြည့်နေသည်ကိုလည်း တွေ့မြင်နေရသသေးသည်။ထို့ကြောင့် စိုးဝေ ကြောက်ရွံ့ ထိတ်လန့်စိတ်တွေ စိုးမိုးပြီး အိပ်မရ...။

   မည်သူ့ကိုမျှလည်း စိုးဝေ ပြောမပြရဲ...။ပြောပြလျင်လည်း ယုံကြမည်မဟုတ်...အရူးလို့သာ ထင်ကြပေမည်။စိုးဝေ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေရသည်။

    စိုးဝေ တောင်တောင် အီအီတွေ စဉ်းစားနေစဉ် ဘုန်းကြီးကျောင်း ခေါင်တိုင်တန်းပေါ်မှာ တရွေ့ရွေ့လာနေသော ယောက်ျားခြေသလုံးသားခန့်ရှိ အဝါအမဲ အစင်းကြား ငန်းတော်ကျားမြွေကြီး ကို တွေ့လိုက်ရသည်။ဘုရားခန်း အတွင်းမှ ဘတ္ထရီနှင့် ပူဇော်ထားသော လျှပ်စစ်မီးသီးလေးများ အလင်းရောင်ကြောင့် ခေါင်တိုင်ပေါမှ မြွေကြီးကို စိုးဝေ ထင်ထင်ရှားရှား မြင်နေရခြင်း ဖြစ်သည်။ဒီမြွေကြီးအကြောင်းတော့ စိုးဝေ သိသည်။ဥပုလ်နေ့ဆို ကျောင်းခေါင်တန်းပေါ် တက်လာပြီး ငြိမ်သက်စွာ ခွေ၍ တရားနာတတ်သည်။တရားနာပြီးလျင် ပြန်ဆင်းသွားတတ်သည်။သူတော်ကောင်း မြွေကြီးဟု လူသိများသည်။

     ဒီနေ့က ဥပုလ်နေ့မဟုတ်ပဲ ဘာကိစ္စတက်လာပါလိမ့်။တရွေ့ရွေ့တက်လာသော ငန်းတော်ကျားမြွေကြီးမှာ စိုးဝေမျက်နှာတည့်တည့် တန်းပေါ်တွင် ရပ်သွားသည်။ခေါင်းက တဖြည်းဖြည်း အောက်သို့လျောဆင်းလာသည်။ အခန့်မသင့်လို့ ပြုတ်ကျလာလျင်...။ဘာ့ကြောင့်မှန်း မသိ စိုးဝေ ရင်တွေ တဒိတ်ဒိတ်ခုန်နေသည်။မြွေကြီး ပြုတ်ကျလာမှာ ကြည့်ပြီး အသည်းယားလို့ ကြောက်တာလား၊ အစဉ်းစားလွန်တာပြီး ကြောက်တာလား မဝေခွဲနိုင်...။ရင်တထိတ်ထိတ် ကြည့်နေရင်း မှပင် မြွေကြီး၏ ပုံသဏ္ဍန်မှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို စိုဝေ မျက်လုံးမျက်ဆံပြူးစွာ တွေ့လိုက်ရသည်။

**အောင်းမလေး....**

    စိုးဝေ လန့်အော်မိတော့ မတတ်ဖြစ်သွားသည်။ကျောင်းခေါင်တန်းပေါ်က မြွေကြီးမှာ မြွေကြီးမဟုတ်တော့။ အသားနီရဲရဲ မျက်လုံးပြူးပြူး အစွယ်ကွေးကွေးနှင့် ဘီလူးကြီးအဖြစ် ပြောင်းလဲ သွားကာ စိုးဝေကို စားဝါးတော့ မလို ကြည့်နေသည်မဟုတ်ပါလား...။ ဝါကျင်ကျင်သွားကြီးများကို ဖြီးပြသည်။ အစွယ်ကြီးများကို ထုတ်လိုက် သွင်းလိုက် လုပ်ပြသည်။လက်ကြီးများက ရှည်ထွက်လာကာ စိုးဝေကို လည်ပင်းညှစ်တော့ မလိုလို...။အမျိုးမျိုး အဖုံဖုံ ပုံစံ လုပ်၍  ခြိမ်းခြောက် နေသဖြင့်စိုးဝေ မျက်နှာပင် မလွှဲရဲ။အော်လည်း မအော်ရဲ...။ စိုးဝေ မျက်တောင် မခတ်တမ်း ကြည့်နေစဥ မှာပင်...

   **ဝုန်း....** 

   **အောင်းမလေး....ဗျ...ကယ်တော်မူကြပါ...ဘီလူး ကြီး....**  

  ဘီလူးကြီးမှာ ခေါင်တိုင်မှနေ၍ ရုတ်တရက် ခုန်ချလာသဖြင့် စိုးဝေအကြောက်လွန်ကာ သတိလက်လွှတ် လန့်အော်ပြီး အိပ်ယာမှ ခုန်ထကာ  ဘုန်းကြီးကျောင်းပေါ်မှ ဆင်းပြေးလေတော့သည်။

   **ဟ...ဟ...စိုးဝေ...ဘာဖြစ်တာလဲ...အလန့်တကြား**

  **ဟာ...ဟာ...မြွေကြီး...လုပ်ကြဦးဟ...**

  **စိုးဝေ...စိုးဝေ...ကို လိုက်ဆွဲအုံးဟ....**

  ဘုန်းကြီးကျောင်းပေါ်မှာ ဆူညံပွက်လောရိုက်ကုန်ကြသည်။

**ဟဲ့...ကျောင်းသားတွေ...ကိုရင်တွေ...ဘာတွေဖြစ်နေတာလဲ...**

   ညကြီး အချိန်မတော် ဆူညံသံများကြောင့် ကျောင်းထိုင်ဆရာတော် ဦးကေသရ ကျိန်းစက်ခန်းထဲမှ ထွက်လာသည်။

   **တင်ပါ့ဘုရား တပည့်တော်တို့ အိပ်နေတုန်း စိုးဝေ အော်သံကြောင့် လန့်နိုးသွားတာပါ...စိုးဝေ အိပ်ယာပေါ်မှာ ဒီငန်းတော်ကျား မြွေကြီးတွေ့တော့ အကုန် ထိတ်လန့်ကုန်ကြတာပါ ဘုရား....**

ကပ္ပိယကြီး ဦးလုံးက လျှောက်တင်လေသည်။

**ဟဲ့...သီလ...ကိုယ့်နေရာ ကိုယ်သွားစမ်း...**

  ကျောင်း ကြမ်းပြင်ပေါ်မှ စင်းစင်းကြီး ရှိနေသော ငန်းတော်ကျားမြွေကြီးမှာ ဆရာတော့် အသံကြားသည်နှင့် နားလည်သည့်အလား တရွေ့ရွေ့ ကျောင်းပေါ်မှ ဆင်းသွားလေသည်။

   **ဒကာလေး စိုးဝေနောက် လိုက်ကြ စမ်းကွယ့်...့ ဒုက္ခတွေတော့ ရောက်ကုန်တော့မှာပဲ...**

   ဆရာတော် မိန့်ကြားချက်ကြောင့် ကိုရင်လေးများ ဘုန်းကြီးကျောင်းသားလေးများ အပြင်သို့ ပြေးလိုက်သွားကြသည်။

   စိုးဝေမှာ ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးစဉ်
ဘုန်းကြီးကျောင်း မုဒ်ဝက ထွက်သည်နှင့် ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။စိုးဝေ ကြောက်လန့်တကြား ရုန်းကန်ရင်း မိမိကို ဖမ်းကိုင်ထားသည့် သူများကို ကြည့်လိုက်တော့ ဘီလူးကြီး နှစ်ကောင်...။စိုးဝေ၏ ရှေ့မှာ အောင်မြင်သော အပြုံး ကျေနပ်သော အကြည့်နှင့် ကြည့်နေသည့် အိပ်မက်ထဲက မိန်းမပျို...။

   **အစ်ကို ဘယ်လို ပြေးပြေး...ညီမလက်က မလွတ်ပါဘူး... အခု ညီမဆီ ပြန်လိုက်ခဲ့တော့နော်...ယ္ခညီနောင် သေချာခေါ်ခဲ့ကြ...**

   အနီရောင်မိန်းမပျို၏ စကားသံအဆုံး စိုးဝေ၏ ခန္ဓာကိုယ်မှ အသိဉာဏ်တို့ ပျောက်ကွယ်သွားသည်။ မိန်းမပျိုလေးနှင့် ဘီလူးကြီး နှစ်ကောင်ရဲ့ နောက်မှ ဆိတ်ငြိမ်စွာ လိုက်ပါသွားနေသည်။ဦးတည်ရာက ဘုန်းကြီးကျောင်း အရှေ့ဘက် တရွာလုံး၏ သောက်သုံးရေ ခပ်ရာ ရေကန်ကြီးဆီသို့....။

     **ဟာ...အစ်ကိုကြီး စိုးဝေ ဒီမှာဟေ့...ရေကန်ထဲ ဆင်းနေပြီ လုပ်ကြအုံး....**

   လရောင်အောက်မှာ ကန်ဘောင်ကြီးပေါ်မှ ကန်ထဲသို့ တရွေ့ရွေ့ဆင်းသွားသော စိုးဝေကို ဘုန်းကြီးကျောင်းသားလေး တစ်ယောက်ကတွေ့လိုက်ပြီး အော်လိုက်ခြင်း ဖြစ်သည်။

   အော်သံကြောင့် ကပ္ပိယကြီး ဖိုးလုံးနှင့်အတူ ကိုရင်လေးများ ကျောင်းသားလေးများ ရောက်လာကြပြီး စိုးဝေကို ပြေးဆွဲကြသည်။

    စိုးဝေက အသက်မဲ့နေသော လူကဲ့သို့ တောင့်တောင့်ကြီး ရေကန်ထဲဆင်းနေသည်။ကပ္ပိယဖိုးလုံးနှင့် အဖွဲ့က အတင်းပြန်ဆွဲခေါ်သည်။လုံးဝ မရ...။ စိုးဝေ၏ အားမှာ မယုံနိုင်လောက်အောင် ကြီးမားနေသည်။ ဝိုင်းဆွဲသော သူများသာ စိုးဝေ သွားရာ တရွေ့ရွေ့ပါသွားကြသည်... ။

   **ဆွဲဟ...ဆွဲ...ဝိုင်းဆွဲကြအုံး...** 

   **ဘယ်လိုမှ ဆွဲမရဘူး...ဘယ်လိုလုပ်ကြမလဲ...** 

   စိတ်ပျက်တဲ့သူက ပျက်သွားကြသည်။ဆရာတော်ကို ပြေးခေါ်သူက ပြေးခေါ်ကြသည်။စောင့်ကြည့်နေသူက ကြည့်နေသည်။

     **ဒကာလေး စိုးဝေ ခန္ဓာကို ပူးကပ်နေတဲ့ မမြင်အပ် မတွေ့အပ်သော လောကသားတွေကို ဘုန်းဘုန်း မေတ္တာရပ်ခံပါတယ်...ဒကာလေး စိုးဝေကို အချုပ်အနှောင်မှ လွတ်ကင်းခွင့် ပြုလိုက်ပါလို့ ဘုန်ုးဘုန်းမေတ္တာရပ်ခံပါတယ်... **

   ဆရာတော်ဦးကေသရ၏ တည်ငြိမ်အေးချမ်းသော စကားသံအဆုံးမှာ ရေကန်ထဲဆင်းနေသော စိုးဝေ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။နောက်သို့ ပြန်လှည့်ကြည့်လာပြီး သတိဝင်လာသလို ကျီးကြည့် ကြောင်ကြည့် ကြည့်ကာ ထိန်လန့်သွားဟန်နှင့် ရေကန်ထဲမှ  ပြန်ပြေးတက်လာပြီး ဆရာတော့် ခြေထောက်ကို ဦးခိုက်ရှိခိုးလေသည်။

   **အရှင်ဘုရား...ကယ်တော်မူပါ...တပည့်တော်ကို ရေကန်ထဲ အတင်းဆွဲချနေပါတယ် ဘုရား...**

   **မစိုးရိမ်ပါနဲ့တော့ ဒကာလေး...ဘုန်းဘုန်း မေတ္တာရပ်ခံထားပါတယ်... **

**ကဲ...ကဲ ကျောင်းသားတွေ ဒကာလေး စိုးဝေကို ကျောင်းကို ပြန်ခေါ်လာခဲ့...ကပ္ပိယကြီး ဖိုးလုံး မီးစက်မောင်းထား တစ်ညလုံး...နောက်ပြီး ကျောင်းသားလေး နှစ်ယောက်လောက်ကို ဒကာကြီး ကျော်သိန်း မိသားစုနဲ့ မိုးမခ ရွာက ဒကာမ မြကျင် မိသားစုကို ညတွင်းချင်း ကျောင်းကို လာခဲ့ဖို့ သွားခေါ်ခိုင်း ကြားလား...အရေးကြီးတယ်...**

   **တင်ပါ့ဘုရား....**

  **ကဲ...မမြင်အပ်သော လောကသားတွေကိုလဲ ဘုန်းဘုန်းနဲ့ ကျောင်းကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်...**

  **ယဿာနုဘာဝတော ယက္ခာ၊နေဝ ဒေဿန္တိ    ဘီသနံ။ယဥှိစေဝါ  နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။ သုခံ သုပတိ သုတ္တောစ၊ ပါပံ ကိဉ္စိ နပဿတိ  ။ဧဝမာ ဒိ ဂုဏူပေတံ၊ပရိတ္တံ တံ ဘဏာမဟေ။...**

   ဆရာတော် ဦးကေသရမှာ မေတ္တာသုတ်တော်ကို တည်ကြည်သော အသံနေ အသံထားနှင့် ရွတ်ဆိုလျက် ကျောင်းတော်သို့ ပြန်ကြွသွားလေပြီ....။ဆရာတော်၏ နောက်မှာတော့  အနီရောင်မိန်းမပျိုနှင့် ဘီလူးကြီးနှစ်ကောင်က ခေါင်းငိုက်စိုက်ချလျက် လိုက်ပါသွားသည်ကို မည်သူတွေ့မြင်ပါမည်နည်း....။

------------------------------------------------

   ည ၂နာရီခန့် ကညင်ပင် ဘုန်းတော်ကြီးကျောင်းမှာ လူစုံနေကြသည်။

  ကျောင်းရှိ ဘုန်းကြီး၊ပဉ္ဇင်း၊ ကိုရင် ၊ကျောင်းသားများနှင့် ဦးကျော်သိန်း၊ဒေါ်သေး နှင့် သားသမီး ဆွေမျိုးတစု ၊ဒေါ်မြကျင်၊သမီး ချိုချိုနှင့် ဆွေးမျိုးတစု ဆရာတော် ဦးကေသရ၏ ရှေ့မှောက်မှာ ငြိမ်သက်စွာ ထိုင်နေကြသည်။

    **ကဲ...ကဲ...ဘုန်းဘုန်း ဖိတ်ခေါ်ထားတဲ့ ဒကာလေးစိုးဝေရဲ့ အဆင်အနွယ် မမြင်အပ်တဲ့ ဘုံလောကသားတွေ ဘာ့ကြောင့် ဒကာလေး စိုးဝေကို နှောက်ယှက်ရတယ်ဆိုတာ ဘုန်းဘုန်းကို ရတဲ့နည်းနဲ့ လျှောက်စမ်း ပါကွယ်...**

   ဆရာတော်က လက်ထဲက ကြိမ်လုံးကလေးကို ကြမ်းပြင်ပေါ် တဒေါက်ဒေါက်ခေါက်၍ မိန့်ကြား လိုက်သည်။

  ဆရာတော့် စကားအဆုံး စိုးဝေနှင့် အတူ ထိုင်နေသော ချိုချို့ ထံမှ ရှိုက်သံ ထွက်လာသည်။တစ်ကိုယ်လုံးလည်း တုန်ရီလျက်...

   **ဟင့်...ဟင့်...ဟင့်...ရွှတ်...**

**ဒကာမလေး ချိုချို... ဘာလို့ ငိုသလဲကွဲ့...**

**တပည့်တော် ချိုချို မဟုတ်ပါဘုရား...နောင်ပွင့်မယ့် ဘုရားရှင်ကို လှူဖို့ ပစ္စည်းဥစ္စာတွေကို စွဲလန်းစိတ်နဲ့ စောင့်နေရတဲ့ သူပါ ဘုရား....**

**ဒကာမလေးက ဒကာလေး စိုးဝေကို ဘာလို့ နှောက်ယှက်ရသလဲ ကွယ့်...**

**တပည့်တော်မ အစ်ကို့ ကို ချစ်မြတ်နိုးလို့ပါ ဘုရား...အရင်က တပည့်တော်မနဲ့ အစ်ကိုက သိုက်စောင့် ဇနီးမောင်နှံပါ အစ်ကိုက လူ့လောကကို အလည်သွားချင်တယ်ဆိုလို့ တပည့်တော်မ မခွဲနိုင်ပေမဲ့ အစ်ကို ပျော်အောင်လို့ ခွင့်ပြုခဲ့ပါတယ် ဘုရား...

ငိုရှိုက်သံ သဲ့သဲ့နှင့်ချိုချို၏ မူရင်းအသံမဟုတ်သော စိုးဝေ ရင်းနှီးနေသည့် အနီရောင်ဝတ် မိန်းမပျိုလေး၏ အသံဖြင့် အကြောင်းစုံ ပြောပြသည်မှာ

   စိုးဝေကို သိုက်မှ လူ့သက်တမ်း ၃၅နှစ် ပေးလိုက်ကြောင်း၊စိတ်မချ သဖြင့် သူမကိုယ်တိုင်သော် လည်းကောင်း ၊သိုက်စောင့် ဘီလူးနှစ်ကောင်ဖြင့်သော် လည်းကောင်း၊လိုက်လံ စောင့်ရှောက်ခဲ့ကြောင်း၊ စိုးဝေက လူ့လောက ရောက်ပြီးနောက် အတိတ်က သိုက်စောင့် ဘဝကို မေ့လျော့သွားကြောင်း၊စိုးဝေ ချစ်သူရည်းစားထားလျင် မကြိုက်သဖြင့် မိန်းကလေးများအား ကြောက်အောင် ခြိမ်းခြောက် ခြောက်လှန့် လေ့ရှိကြောင်း၊ ယခု လူ့သက်တမ်း ကုန်ဆုံးချိန်တွင် သိုက်ကို ပြန်ခေါ်ရန်အတွက် ပြုလုပ်နေစဉ် သာသနာ့ဘောင်ထဲ ဝင်သွားပါက ခေါ်ရခက်သဖြင့် အလျင်အမြန် ခေါ်ယူဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။

အားလုံးသော လူတွေမှာ ဆရာတော်နှင့် ချိုချိုခန္ဓာကိုယ်တွင် ပူးကပ်နေသော မိန်းမပျိုလေးတို့၏ စကားများကို စိတ်ဝင်စားစွာ နားစွံ့နေကြသည်။

   **ဒကာမလေး...ဘဝတွေ ခြားနေတဲ့ လူတစ်ယောက်ကို ဘာလို့ သံယောဇဉ် အစွဲအလန်းတွေ ထားနေရတာလဲ...အဲ့ဒီအစွဲလန်းအမှားတွေကြောင့် ဒကာမလေးတောင် မကျွတ်မလွတ်နိုင်ပဲ ပစ္စည်းဥစ္စာ စောင့်နေရတဲ့ အစိမ်းဘဝနဲ့နေနရတာ... ကျွတ်ခွင့် လွတ်ခွင့် ရသွားတဲ့သူကို ဒကာမလေး ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုလိုက်ပါ...အခု ဒကာလေးစိုးဝေဟာ မြင့်မြတ်တဲ့ သာသနာ့ဘောင်ထဲကို ဝင်ဦးမယ်...အဲ့ဒီအခါကျ ဒကာမလေးအတွက် ကောင်းမှုတွေကို ပြုလုပ်ပေးနိုင်မယ်...တဖန်လူ့လောကီမှာ ကျင်လည်ရင်လည်း အလှူအတန်းတွေ လုပ်တဲ့အခါ ဒကာမလေးကို အမျှပေးဝေမယ်ဆိုရင် ဒကာမလေးလဲ ပစ္စည်းဥစ္စာ စွဲးလန်းပြီးစောင့်နေရတဲ့ ဘဝက အမြန်ဆုံးကျွတ်လွတ်ရင် မကောင်းပေဘူးလား ဒကာမလေး....***

    **တင်ပါ့ ဘုရား...အခု တပည့်တော် မှားမှန်းသိပါပြီ ဘုရား...အစ်ကို့ကို တပည့်တော် သိုက်စောင့်ဘဝကို ပြန်မခေါ်တော့ ပါဘူး ဘုရား...ကောင်းမှု ကုသိုလ်တွေ လုပ်ရင်သာ တပည့်တော်ကို အမျှဝေဖို့ မမေ့ပါနဲ့ ဘုရား...**

   အားလုံးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။စိုးဝေအတွက် တကယ့် သေလမ်းက လွတ်ကိန်း မဟုတ်ပါလား...။

   **တပည့်တော် အစ်ကို့ကို နောက်ဆုံး နှုတ်ဆက်ပါရစေ...ဘုရား...**  

   ဆရာတော်က ခေါင်းတဆက်ဆက်ငြိမ့်ပြ သည်။

   ဝင်ပူးကပ်ခြင်း ခံထားရသော ချိုချိုမှာ စိုးဝေဘက်သို့ လှည့်လာပြီး

   **အစ်ကို...ညီမ ဒီကထွက်ပြီးသွားရင် နောက်ထပ် အစ်ကိုနဲ့ ထပ်တွေ့ခွင့် မရတော့ဘူး...ဘာမှ မသက်ဆိုင်တော့တဲ့ အတွက် လိုက်စောင့်ရှောက်လို့လဲ မရတော့လို့ အစ်ကို ဂရုစိုက်ပါလို့ မှာချင်တယ်...**

    မျက်ရည်လည်ရွဲနှင့် ပြောနေသော ချိုချို့၏ ပုံစံအစား စိုးဝေ မျက်လုံးထဲတွင် အနီရောင် မိန်းမပျိုလေး၏ ပုံရိပ်ကိုသာ မြင်နေရသည်။မိန်းမပျိုလေး မိမိကို ကယ်တင်ခဲ့ပုံများကိုလည်း  မျက်လုံးထဲ မြင်ယောင်လာ မိသည်။မြက်ရိတ်ရင်း ပိုးထိ သဖြင့် အိမ်ကို အမြန် ပြေးလာရင်း လမ်းတဝက်၌ လဲကျသတိလစ်သွားစဉ် အိပ်မက်လိုလို တကယ်လိုလို အနီရောင် မိန်းမပျိုလေးနှင့် မြွေတစ်ကောင် ရောက်လာပြီး မိန်းမပျိုလေး၏ လက်ညိုးထိုး စေခိုင်းမှုနှင့် မြွေက စိုးဝေခြေထောက်ရှိ မြွေစွယ်ရာမှ အဆိပ်များကို စုပ်ယူသွားခဲ့သည်။ထို့နောက် စိုးဝေမှာ သတိပြန်ရလာပြီး မြွေကိုက်၍  မသေခဲ့သည့် မိမိကိုယ်ကိုယ် အံသြခဲ့ရသည်။

    ခြံထဲက ကုက္ကိုပင်ကြီး လှဲတုန်းကတစ်ခါ...။လွတ်သည်အထင်နှင့် အပင်လဲကျမည့်ဘက် ခပ်လှမ်းလှမ်းမှာ ရပ်နေစဉ် ကိုင်းတစ်ခုက  မထင်မှတ်ပဲ ကျိုးထွက်ပြီး  စိုးဝေ တည့်တည့်စင်ထွက်လာလေသည်။ ကြောင်ပြီးကြည့်နေစဉ် အနီရောင်အရိပ်တွေ့လိုက်ရပြီး စိုးဝေမှာ တစ်စုံ တစ်ဦး၏ တွန်းထုတ်ခံလိုက်ရသည်။သစ်ကိုင်းကြီးမှာလည်း စိုးဝေက ထိခါနီးမှ တုန်ခနဲ့ ငြိမ်ပြီး အောက်ပြုတ်ကျသွားသဖြင့် အားလုံး အံသြ ဘံ့နန်းဖြစ်ကုန်ကြကာ  စိုးဝေမှာ အစောင့်အရှောက်ရှိကြောင်း၊ထို့ကြောင့်သာ မသေတာ ကံကေါင်းသည်ဟု ပြောကြသည်။မည်သူမှ မသိလိုက်သည်က ထိုကိုင်းကြီးအား အသားနီနီ လူကြီးနှစ်ယောက် ဖမ်းထိန်းလိုက်သည်ကို စိုးဝေ ဖျက်ကနဲ့ တွေ့လိုက်ရခြင်းနှင့် မိမိကို တွန်းထုတ်သည်မှာ အနီရောင် မိန်းမပျို ဖြစ်နေခြင်းကို ပင်...။ ထို့ထက်မက အများကြီး ရှိပါသေးသည်။

ထိုသို့ မိမိအပေါ် ကောင်းခဲ့ဖူးသော မိန်းမပျိုလေး၏ လုပ်ရပ်များကို ပြန်လည် မြင်ယောင်ရင်း စိုးဝေမှာ စိတ်မကောင်း ကြီးစွာဖြစ်ကာ ရင်ထဲမှာ တလှပ်လှပ်တုန်လာသည်။ ဝမ်းနည်းလာသလိုလို....။

   **အစ်ကို့ကို နောက်ဆုံး နှုတ်ဆက် နမ်းပါရစေ...**

   မျက်လုံးထဲ မြင်နေရသော မိန်းမပျိုလေး၏ မိမိနဖူးပေါ် ထိတွေ့ နမ်းရှိုက်လာသော အနမ်း ပါးပြင်ပေါ်မှ မျက်ရည်စများ ၊ချိုချို၏ ကိုယ်သင်းနံ့ မဟုတ်သော ထူးခြားမွှေးပြန့်သည့် အမွှေးရနံ့တို့ ကြားထဲမှာ စိုးဝေ၏ အမြင်တို့ ဝေဝါးလာခဲ့ရသည်။

   အို....ငါ့ပါးပြင်ပေါ်မှာလည်း မျက်ရည်စတွေပါလား...  ငါဘာလို့ ငိုကြွေးနေပါလိမ့်...။စိုးဝေ၏ မှုန်ဝါးဝါး အမြင်အာရုံထဲတွင်  ကန်ဘောင်ကြီး တစ်ခုပေါ်မှာ မိန်းမပျိုလေးနှင့် ရှမ်းဝတ်စုံကဲ့သို့ ယောက်ျားတစ်ယောက်တို့ အတူတကွ လမ်းလျှောက်ကြည်နူးနေပုံ ၊ ကန်ထဲက ပဒုမ္မာကြာပန်းများခူး၍ ကိုယ်စီ ကိုင်ကာ ရွာထိပ်က ရှုမဝလွမ်းစေတီလေးတွင် ကပ်လှူနေကြပုံတွေ မြင်ယောင်နေရသည်။

   **သဉ္ဇာရယ်....** 

  စိုးဝေနှုတ်မှ အမှတ်မထင် ထွက်သွားခဲ့သော နာမည် တစ်ခု...။မိန်းမပျိုလေး မျက်နှာမှာ ပြုံးယောင် သန်းသွားသည်။

  **အစ်ကို မှတ်မိလာတယ်နော်...ညီမ ကျေနပ်ပါပြီ...** 

    မိန်းမပျိုလေး၏ မျက်ရည်ကြားမှ ပြုံးပြလာသော အပြုံးတခုကို စိုးဝေမြင်တွေ့ရချိန်မှာ ရင်ထဲမှာ တခုခုကို အပြီးတိုင် ဆုံးရှုံးလိုက်ရသလို လှစ်ဟာသွားရသည်။တခုခုကို ဖွင့်ဟ အော်ဟစ် ပစ်လိုက်ချင် သလိုလို....

**ဝုန်း....**
     ချိချို ခန္ဓာကိုယ် ကြမ်းပြင်ပေါ် ဝုန်းကနဲ့ လဲပြိုကျသွားသည်။

   **ဟာ... ထွက်သွားပြီ ဖြစ်မယ်...ထူကြ...ထူကြဟေ့**  

   **ရေတွေပါတွေ တိုက်ဟ...ပရိတ်ရည်ဆို ပိုကောင်းတယ်....**

    အားလုံးဆူညံသွားကြပြန်သည်။ စိုးဝေကတော့ ငူတူတူ ငိုင်တိုင်တိုင် ...မျက်ဝန်းမှာ မျက်ရည်စများ ၊ ရင်ထဲမှာလည်း တဆစ်ဆစ်နာကျင် နေရသည်။ကျောင်းထိုင်ဆရာတော် ဦးကေသရကတော့ စိတ်မကောင်းဟန်ဖြင့် ခေါင်းကို ခါရမ်း လိုက်ပြီး

**အော်....သံယောဇဉ် အပူမီးတွေပါလား....သတ္တဝါ ကျန်းမာချမ်းသာ ကြပါစေ...**

မေတ္တာများပို့သပေးလျက် ဘုရားခန်းဆောင်ထဲသို့ ကြွသွားလေတော့သည်။

-----------------------------------------------

      သင်္ကြန်ရှင်ပြု အလှူပြွဲကီးတွင် စိုးဝေလည်း ဦးပဉ္ဇင်းစိန္တ အမည်ဖြင့် ပဉ္ဇင်းတက်ခဲ့သည်။ရှင်ပြုအလှူ ရေစက်ချပွဲကြီးတွင် ဆရာတော် ဦးကေသရက ဥစ္စာစောင့်မလေး သဉ္ဇာအတွက် အမျှအတန်းပေးဝေစေခဲ့သည်။

    **ဘဝခြားက တစ်ဘုံသူ တဘုံသား ဒကာမလေး သဉ္ဇာအား အလှူအတန်း ကောင်းမှု တွေအတွက် အမျှအတန်းပေးဝေတယ်....ရှိရာအရပ်က သာဓုခေါ်ပေတော့ ဒကာမလေး....သာဓု... သာဓု..သာဓု...**

  ဦးပဉ္ဇင်းစိန္တရင်ထဲ လှိုက်ကနဲ့ ဖြစ်သွားရပြန်သည်။မျက်ရည်မကျမိအောင် ထိန်းလိုက်ရင်း

**သဉ္ဇာရေ... အစ်ကို တတ်နိုင်သမျှ ကုသိုလ် ကောင်းမှုတွေ လုပ်ရင်း သဉ္ဇာ့ အတွက် ကျွတ်လွတ်ဖို့ အမျှအတန်းပေးပါ့မယ်...ရေစက်မကုန်သေးရင်တော့ နောင် ဘဝ သံသရာမှာ ဆုံနိုင်ကြ ပါကောင်းရဲ့ ကွယ်...**

တရားဓမ္မ မမွေ့လျော်ရသည့် ပုထုဇဉ် ဦးပဉ္ဇင်းမို့ ခံစားမှု ရှိနေသေး၍ စိတ်ထဲက ပြောမိနေခြင်းပါ ။

    ရွာသားအချို့ကတော့ ရွာထိပ်ရေကန်ကြီးမှ ပဒုမ္မာကြားပန်းများကိုင်ဆောင်၍ ဆင်းလာသော အနီရောင် ဝတ်စုံဝတ် မိန်းမပျိုကို ရှု့မဝ လွမ်းစေတီတွင် တခါတရံ တွေ့ရတတ်ကြောင်း၊ရှေးဘိုးဘွားများ လက်ထက်က ကညင်ပင် ရေကန်ကြီးအား တူးရင်း ကန်အောက်ခြေတွင် ကျောက်ဖျာကြီးခံနေ၍ ဆက်တူး၍ မရခဲ့ကြောင်း၊ထိုကျောက်ဖျာကြီး အောက်တွင် ဥစ္စာစောင့်သိုက် ရှိနိုင်ကြောင်း ကောလဟာလ ပြောဆိုနေကြသည်။မည်သူမှတော့အတိအကျ မသိကြပါ။

   ***တူနှစ်ဖြာ...ရွှေဂဟေ....ဆက်ဖို့...သွေမပျက်တဲ့...မေတ္တာ...ရေစက်ရဲ့....ရှေးအလာ....မနှေးအခါခါ...ချင့်တွေး....**

   ရွာထဲမှ မင်္ဂလာဆောင် မဏ္ဍပ်မှ မင်္ဂလာတေးသံက လွင့်ပျံ့နေသည်။ဝါကျွတ်ပြီမို့ စိုးဝေနှင့် ချိုချိုတို့၏ မင်္ဂလာဆောင် လက်ထပ်ပွဲ...။သတို့သား သတို့ သမီး၊ နှစ်ဖက်သော မိဘများ၊လာရောက် ကြသော ပရိတ်သတ်များ အားလုံး ပြုံးပျော်ကြည်နူးနေကြသည်။နေနဲ့လ ရွှေနဲ့မြ ခက်ခက်ခဲခဲ ယူခဲ့ ကြရသည့် မင်္ဂလာ မောင်နှံ မဟုတ်ပါလား...။

    ထိုသို့ အားလုံးပျော်ရွှနေကြချိန်မှာတော့ ရေကန်ကြီးတစ်ခု၏ ဘောင်ပေါ်မှာ ရပ်၍ မင်္ဂလာမဏ္ဍပ်ရှိရာကို ငေးမျော်ကာ မျက်ရည်တွေ တွင်တွင် ကျနေသည့် အနီရောင် ဝမ်းဆက်နှင့် မိန်းမပျိုလေး တစ်ယောက်ကို မည်သူမျှ သတိတရ ဖိတ်ခေါ်ခြင်းမရှိကြ သလို မည်သူမျှကလည်း တွေ့မြင် နိုင်ခြင်းရှိမည် မဟုတ်ပါ။

    အဘယ့်ကြောင့် ဆိုသော် ထိုမိန်းကလေးက တချိန်က အချစ်အတွက် အတ္တဖက်ခဲ့ပြီး ယခုတော့ အချစ်အတွက် အရှုံးဖက်ခဲ့ရသည့်   ဥစ္စာစောင့်မလေး သဉ္ဇာဆိုတာ.......။

-------------------------------------------------

            ပြီးပါပြီ။

လိုအပ်ချက်များသည် ကျနော့်၏ ညံဖျင်းမှုသာ#ဝါသနာရှင် အဆင့်မို့ အားနည်းချက်များကို ဝေဖန် အကြံပြုပေးကြပါလို့....
Credit #ရန်အောင်ဖြိုး
ချစ်သားမာရ်နတ်(Y.A.P)

No comments:

Post a Comment