နှလုံးသားရဲ့ ထောင့်တစ်နေရာ (၈)
အလုပ်နည်းနည်း ပြီးနေပြီမို့ နွေးကို ထပ်သွားကြည့်မယ်လို့ လင်းသူ စဉ်းစားထားသည် .. ။ အလုပ်တွေက မပြီးသေးလဲ ပြီးပြီဟုပင် လင်းသူ ယူဆ ချင်သည် .. ။ တကယ်ဆို ဟိုတစ်နေ့က နွေးကို တွေ့လိုက်ပြီးကတည်းက နွေးနဲ့ ပြန်တွေ့ပြီး စကားပြောချင်တဲ့ စိတ်ကို လင်းသူ ချုပ်တည်းထားခဲ့တာ ဒီနေ့အထိပင် ... ထိုဆိုင်ကလေးကို တမင်တကာ ခေါင်းလှည့်ကြည့်မှ မြင်ရသဖြင့် သတိရတာနဲ့ ကြည့်လိုက်လျှင် ချက်ချင်းမြင်ရအောင်ပင် စားပွဲနေရာကိုပါ လင်းသူ ပြောင်းထားခဲ့သည်... နွေး များရောက်နေမလားလို့ လင်းသူ သိချင်သည်လေ ... တကယ်ဆို နွေးဆီက ဖုန်းနံပါတ်တောင်းထားလိုက်ရင်တောင် လင်းသူ ခုလို သိချင်စိတ်တို့နဲ့ ပင်ပန်းနေမှာ မဟုတ် .. ။ ဒါပေမဲ့ နွေးနဲ့ ဆက်ဆံဖို့ ဘာအကြောင်းပြချက်မှ မရှိဘဲနှင့် ဖုန်းနံပါတ်တောင်းဖို့ဆိုတာ .. မဖြစ်နိုင်ချေ .. ။ အကယ်၍ ဒီဆိုင်ကိုသာ နွေး လာနေကျဆိုလျှင် နွေးနှင့်ဆုံဖို့ အခွင့်ရေး ရနိုင်သည် ပဲ ... ဒီတခါဆုံရင်တော့ ဖုန်းနံပါတ်လေးတော့ တောင်းထားဦးမည်ဟု .. လင်းသူ တွေးမိသည် ...
ည ၈ နာရီ ထိုးသည်နှင့် လင်းသူ ကော်ဖီဆိုင်လေးဘက် ထွက်လာခဲ့သည် ... ဆိုင်လေးက ၁၀ နာရီမှ ပိတ်သည်မို့ ဟိုတစ်ရက်က အချိန်ဆို နွေးများ ရောက်လာမလား ဆိုသည့် အတွေးနဲ့ လင်းသူ ကော်ဖီသောက်ကာ စာအုပ်ဖတ်ရင်း နွေးကိုစောင့်နေလိုက်သည် .. စာအုပ်နှစ်အုပ်သာ ဖတ်ပြီး၍ ၉ နာရီ ခွဲသွားသည် .. လင်းသူ နွေးကို မတွေ့ရ .. ပိုက်ဆံရှင်းဖို့ ဝန်ထမ်းကောင်လေးကို ခေါ်ထားတုန်း "တာဝန်ရှိသူမှ အပ မဝင်ရ " ဟူသော စာတန်းချိတ်ထားသည့် အခန်းထဲမှ နွေး အသံသဲ့သဲ့ကို ကြားလိုက်ရသလိုရှိတာနဲ့ လင်းသူ နားစွင့်လိုက်မိသည် ...
" မေမေ ဒီဆိုင်ဖွင့်တာ သဘောမတူပါဘူး .. လို့ ဒီလောက်ပြောထားတာတောင် ... ခုထိ မပိတ်သေးဘူးလား ..."
"မေမေကလည်း .. ဒါ နွေးရဲ့ မုန့်ဖိုးထဲက စုပြီး ဖွင့်ထားတာပါ ... မေမေ့ဆီက နွေး လုံးဝ မယူပါဘူး ... နောက်တစ်ခုက နွေးလည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်သေးတယ်လေ ... ဒါကြောင့် မေမေ့ကို မပြောပဲ လုပ်ခဲ့တာပါ..."
"ဘယ်လိုပဲ ဖြစ်ဖြစ် ... ညည်း ဒီအလုပ်ကို ဆက်လုပ်ချင်ရင်တော့ မေမေ ကို ကတိတစ်ခုပေးရမယ် ..ဒီလိုဆို မေမေလဲ နောက် ဘယ်တော့မှ မကန့်ကွက်တော့ဘူး ..."
"ဘာကတိလဲ မေမေ ... မေမေတို့ သဘောတူထားတဲ့ ကိစ္စကလွဲလို့ ကျန်တာ နွေး ကတိပေးနိုင်တယ် .. "
" ဆရာ .. Bill ပါ " waiter ရောက်လာသဖြင့် လင်းသူ နွေး ဘာကို ကတိပေးလိုက်ရသလဲ ဆိုတာ ဆက်မကြားရလိုက် ... Bill ရှင်းနေတုန်း ထိုအခန်းထဲမှ နွေးရဲ့ မေမေ ဖြစ်ဟန်တူသူက ခပ်မြန်မြန် လမ်းလျှောက် လာတာကို မြင်လိုက်ရသည် ... လင်းသူ စားပွဲမှာပဲ ထိုင်ပြီး နွေး ထွက်အလာကို စောင့်ချင်ပေမဲ့ .. ဆိုင်က ပိတ်တော့မှာမို့ မပြန်ချင် ပြန်ချင်နဲ့ပဲ လင်းသူ ပြန်လာခဲ့ရသည် .. ဒီတစ်ခါလည်း နွေးကို မတွေ့နိုင်ခဲ့ပါ .. ဒါပေမဲ့ ဒီဆိုင်က နွေးဆိုင်ဖြစ်မှန်း သိရပြီဆိုတော့ လမ်းမကြုံ၊ ကြုံအောင်လာလို့ရနေသည်ပဲ ... လင်းသူ ကြိတ်ပြီး ဝမ်းသာရသည် ...။
~~~ ~~~~
လင်းသူ အိမ်ထဲဝင်တော့ ဧည့်ခန်းတွင်ထိုင်နေသော မိန်းကလေးက မျက်လုံးလေးလှန်ပြီး လင်းသူကို မော့ကြည့်သည် ... ဒါ ဖေဖေ ဟိုတလောက ပြောသော မိန်းကလေးဖြစ်မည်ဟု လင်းသူ နားလည်လိုက်သည် .... မျက်လုံးနက်နက်၊ ဆံပင်ရှည်ရှည်လေးနှင့် သူမ ဝတ်ထားသော ခေတ်နှင့်လျော်ညီသည့် မြန်မာဝတ်စုံကလည်း သူမနှင့် အလွန် လိုက်ဖက်လှပါသည် ... ဧည့်ခန်းမှ ဖေဖေ့ ဘေးတွင်ထိုင်နေသော မေမေ့အား နားမလည်ဟန်ဖြင့် လင်းသူ ကြည့်တော့ "လာထိုင်လေ .. သား .." ဟု ခေါ်သဖြင့် လင်းသူ ရင်တထိတ်ထိတ်နဲ့ သွားထိုင်ရသည် .. ။
"သားရဲ့ ... ဒါ.. ဖေဖေ တို့ သဘောတူထားတဲ့ မိန်းကလေးပေါ့ ... ???? တဲ့ .."
လင်းသူ ခေါင်းထဲ မိုးကြိုးပစ်ချလိုက်သလို မျက်လုံးများပါ ပြာထွက်သွားသည် ... လမင်းအိမ်ကို ဖြတ်ဖို့သက်သက် ဖေဖေပြောခဲ့သည် ထင်တာ .. ခုတော့ လူကိုယ်တိုင်ကိုပါ .. အိမ်ထဲ ခေါ်လာသည် ... ထို့ပြင် ထိုမိန်းကလေးရှေ့မှာတင် သဘောတူထားသည်ဟု တိုက်ရိုက်ပြောသောအခါ ...... ။
လင်းသူ စိတ်တွေ ရှုပ်ထွေးနေသဖြင့် ရုတ်တရက် မိန်းကလေး၏နာမည်တောင် မကြားလိုက်နိုင် ... စကားဝိုင်းက ဘယ်လိုပြီးသွားသည် မသိ ... လင်းသူ နောက်ဆုံး သိလိုက်ရသည်က မိဘမဲ့နေဟန်တူသော ထိုမိန်းကလေး လင်းသူတို့ အိမ်မှာပဲ နေမည် ... လင်းသူနှင့် ရုံးတူတူ သွားရမည် ဆိုသည်ပင် ... လင်းသူ စိတ်ညစ်ညစ်နှင့် စုတ်တချက် သတ်လိုက်ပြီး ... အခန်းထဲရောက်မှ ခုတင်ပေါ်သို့ အားယုတ်လျော့စွာ လှဲချလိုက်သည် ... ။ ဒီလိုဆို နွေးကိုရော ဘယ်လိုလုပ်ရမည်လဲ ... နွေးကို ဘာကြောင့် အာရုံထဲ ထည့်ထားမိသလဲ .. သူ မသိ .. နွေးကရော ဆိုင်သူရှိနေတာလား ... သူ မသိပါ ... ။
~~~ ~~~~~~
"မမနွေး ဒီနေ့ နောက်ကျတယ်နော် ..."
စာရင်းကိုင်ညီမလေးက လှမ်းပြောတာနဲ့ ..
"ဟုတ်တယ် ယု ရေ.. နွေး ကိစ္စလေးတစ်ခု လက်စသတ်နေလို့ ..." ယုကို လှမ်းပြောပြီး ..နွေး ကောင်တာထဲ ဝင်ထိုင်လိုက်သည် ... နွေးရဲ့ ကော်ဖီဆိုင်လေးက ဖွင့်တာ သိပ်မကြာသေးပေမဲ့ တစ်ယောက်စကားတစ်ယောက်နား ဆိုသလို တစ်ယောက်နဲ့ တစ်ယောက် စကား လက်ဆင့်ကမ်းရင်း ခုဆို လူတော်တော် စည်လာနေပြီလို့ ပြောလို့ရနေပြီ ... ဒီနေ့ နောက်ဆုံး အရစ် အနေနဲ့ မိုးလင်းကို အိမ်ကိစ္စ ငွေ အပြီး ပေးလိုက်သည် ဖြစ်၍ အိမ်ကိစ္စတော့ တခန်းရပ်သွားပြီဟု နွေးစဉ်းစားနေမိသည် ... ။
"ကလင် ... ကလင် ..." ချိတ်ဆွဲထားသော လူဝင်လူထွက် သတိပေး ခေါင်းလောင်းသံလေး မြည်လာသဖြင့် နွေး ကြည့်လိုက်တော့ ..
"ဪ .. ကိုလင်းပါလား ... ရောက်လာပြီပေါ့ .."
နွေးက ဘာမှ မအံ့သြသလို နှုတ်ဆက်လိုက်တော့ လင်းသူ ပိုအံ့သြသွားပြီး ...
"နွေးက ကျွန်တော် ဒီမှာ လုပ်တာ သိလို့လား ..."
"ဘယ်မှာလုပ်တာ ပြောတာလဲ ကိုလင်း .."
"ဒီရုံးလေ .. " သူ လက်ညှိုးထိုးပြတဲ့နေရာ လှမ်းကြည့်လိုက်တော့ ဖြူအလုပ်လုပ်တဲ့ နေရာပဲ ...
"ဪ ဟုတ်လား .. အဲဒါတော့ မသိပါဘူး .. ဒါပေမဲ့ အောင်လေးက ကိုလင်းရဲ့ ကုမ္ပဏီလဲ ဒီနားမှာ ရှိတယ် လို့တော့ ပြောဖူးလို့ပါ .." လင်းသူ စဉ်းစားသွားသည် .. ဒီလိုဆိုတော့ နွေးက အောင်လေးနဲ့တော့ အဆက်သွယ်ရှိသည်ပေါ့ ... အောင်လေးက နွေး ဒီမှာ ဆိုင်ဖွင့်ထားတာကို သိသည်ပေါ့ .. သိလျက်သားနှင့် ဘာကြောင့် မပြောတာပါလိမ့် .. သြ .. ဟိုတစ်ခေါက်က ဒီ ဆိုင်ကို လှမ်းချိန်းတာ လင်းသူ မအား၍ မလာလိုက်မိ... မဟုတ်လျှင် အဲဒီနေ့ကတည်းက သိနေမည်ပဲ ... လင်းသူ သတိရပြီး ကုန်လွန်သွားတဲ့ရက်တွေကို နှမြောသွားသည် ။ အောင်လေးကိုလဲ တော်တော် လက်သွက်သည့်ကောင်ဟု၍ စိတ်ထဲ မကြည်လင်ချင်တော့ .... ။
~~~ ~~~~
အလုပ်ကဒီနားတင်ဆို ဒီဆိုင်မှာ နွေးရှိမှန်းသိလျက်နဲ့ မလာတာပေါ့လေ ... နွေးကတော့ သူ ဒီနား ရှိတာသိပေမဲ့ နွေးကို မသိလို့ ရောက်မလာတာပဲလို့ ထင်နေတာ ... ကိုယ့်ကိုကိုယ်တောင် ရယ်လိုက်ချင်သည် ... အင်းလေ ... သူလည်း သူ့ကိစ္စနဲ့ သူပေါ့ ... နွေး ဖြေဖြေလျော့လျော့လေး တွေးပေးလိုက်သည် ... ။
~~~~ ~~~~~~
နွေးနဲ့ တွေ့ပြီးနောက်ပိုင်း လင်းသူ ကော်ဖီ ဆိုင်သို့ တစ်နေ့ နှစ်ကြိမ် အနည်းဆုံး ရောက်ဖြစ်နေသည် ... မနက်စာ နွေးဆိုင်မှာ စားသလို .. ညဘက်လည်း ကော်ဖီ သောက်ပြီးမှ ပြန်သည် .. အရင် က လဘ္ဘက်ရည်သာ ကြိုက်တတ်တဲ့ လင်းသူက ခုတော့ coffee က Favourite food ဖြစ်နေလေပြီ ... မနက်နဲ့ ည .. ကော်ဖီ မှ မသောက်ရလျှင် တစ်နေ့မကုန်သေးဘူးဟု လင်းသူ ယူဆထားသည် ... ကော်ဖီကပဲ ကောင်းလွန်း၍လား ... ဆိုင်ရှင်လေးရဲ့ မျက်နှာကြောင့်ပဲလားလို့မေးလျှင် လင်းသူကတော့ ဖြေမည်မဟုတ် ... ။
အလုပ်များ မပြီးသေးလျှင်တောင် ကော်ဖီဆိုင်ကတော့ သွားမြဲပင် ... အင်မတန် ရှပ်ထွေး ပွေလီနေလျှင်သာ ဖုန်းဆက်၍ နောက်ကျမည့် အကြောင်း ပြောသည် ... ပုံမှန်ကတော့ အချိန်မှန်လှသည် ... ။
လင်းသူက ကော်ဖီဆိုင်ထိုင်ရတာကို ထိုကဲ့သို့ မပျက်ကွက်သလို နွေးကလည်း လင်းသူရဲ့ နားထောင်သူ အဖြစ် ရှိနေပေးတတ်သည် .. များသော အားဖြင့် အလုပ်ထဲမှသူများနှင့် လင်းသူ အကြောင်း .. လင်းသူ အလုပ်အကြောင်း သာပြောဖြစ်ကြသည် ...
~~~ ~~~~~~
လင်းသူ မျက်နှာမှာ အပြုံးတို့ ပျောက်ကွယ်နေသည် ... ခါတိုင်းနေ့တွေလို တက်ကြွ လန်းဆန်းခြင်းတွေ လင်းသူကိုယ်မှာ တွယ်ကပ်မနေ ... အလုပ် အစီရင် ခံစာ လာတင်သမျှ လူတွေကို တိုတိုတုတ်တုတ်သာ ပြောလွှတ်သဖြင့် ကျန်တဲ့ သူတွေပါ .. လင်းသူ အခန်းထဲ မဝင်ရဲကြ ...။
လင်းသူ နွေးဆီ မရောက်တာ သုံးလေးရက်လောက်ရှိနေပေမဲ့ နွေးက စိတ်ပူကြောင်း ဖုန်းတချက်တောင် ဆက်မလာ ... နွေးနှင့် နောက်ဆုံးတွေ့ခဲ့သည့်ည က ....
လင်းသူ ဆိုင်ထဲ ဝင်လာတော့ နွေးကို ကောင်တာမှာ မတွေ့သဖြင့် မျက်စိဝေ့ကာ ရှာကြည့်တဲ့အခါ နွေးက ကောင်လေးတစ်ယောက်နှင့် ထိုင်စကားပြောနေသည် ... ထိုကောင်လေးက လင်းသူတွေ့လိုက်သော ကားပေါ်မှ လက်ပြသွားသော ကောင်ကလေး ... ထိုသူဟာ .. နွေးနဲ့ ဘယ်လို ပတ်သက်လဲ .. နွေး အခြားအမျိုးသားတစ်ယောက်နဲ့ စကားပြောနေတာကို သူက ဘာကြောင့် မကျေမနပ် ဖြစ်ရမှာလဲ ... နွေးက သူငယ်ချင်းတွေရော ထားခွင့်မရှိတော့ဘူးလား ... သူက နွေးနဲ့ ဘယ်လိုပတ်သက်လို့ နွေးကို တားမြစ်ခွင့်ရှိမှာတဲ့လဲ ....။ သည်မေးခွန်းတွေ အားလုံးရဲ့ အဖြေကိုတော့ သူရှာမတွေ့နိုင် ... ဒါ.. သူ သဝန်တိုနေတာများလား .... မဟုတ်ဘူး ... လင်းသူရဲ့ ဘဝမှာ သဝန်တိုတယ် ဆိုတာ မရှိစေရဘူး ... အရင်ရည်းစားတုန်းကတောင် သဝန်မတိုဘဲ မေ့ထားနိုင်သေးတာပဲ ... နွေးက သူ့ရည်းစားမှ မဟုတ်တာ ... ။ လင်းသူ ထိုအတွေးနှင့် နွေးမျက်စိရှေ့သို့မသွားခြင်း ... တနည်းအားဖြင့် နွေးအား သဝန်တိုခြင်းမှ ရှောင်ပုန်းနေခြင်းဖြစ်သည် ... ။
~~~ ~~~~~
ဖြူနှင့် အောင်လေးတို့ ချစ်သူတွေ ဖြစ်ပြီးသွားကြပေမဲ့ အောင်လေး အဖေ လွှတ်ထားတဲ့ လူယုံက အမြဲစောင့်ကြည့်နေတာမို့ ဖြူတို့နှစ်ယောက် လွတ်လွတ်လပ်လပ် အပြင်မှာ ချိန်းတွေ့ဖို့ မဖြစ်နိုင် ... နွေးရဲ့ coffee shop လေးမှာသာ ဆုံစည်းကြရသည် ... သူတို့နှစ်ဦး ချစ်သူဖြစ်ပြီးသွားမှပဲ နွေးလည်း ကားယူလာ၍ မရတော့ .. အောင်လေးကသာ လိုက်ပို့ပေးနေသည် ... ဖြူ့ကို လိုက်ပို့ချင်သည့် အတွက် .. နွေးကိုပါ ကားပေါ်တင်ပြီး ပို့ရသည်တဲ့လေ .. ဘယ်လောက် ကြောင်တောင်တောင် နိုင်လိုက်သလဲနော် ... သူများ သမီးရည်းစားကြား နွေးက ကန့်လန့်ကန့်လန့်နှင့်ပါနေရသည် ... ဒါကပဲ အောင်လေးတို့ရဲ့ အခြေအနေဆိုတော့လည်း နွေးကသာ နားလည်ရသည်ပဲ .... ။
ကိုလင်းလည်း ဆိုင်ကို မလာတာ ကြာပြီ ဖြစ်ပေမဲ့ နွေး အောင်လေးကိုတော့ မမေးဖြစ်ပါ ..
~~~~ ~~~~~~
တင့်နိုင်တို့နှင့် နွေးရဲ့ ဆိုင်မှာ ချိန်းထားသည် ဟူသော အကြောင်းပြချက်ဖြင့် လင်းသူတစ်ယောက် ဆိုင်မဖွင့်ခင်ကတည်းကပင် ဆိုင်ရှေ့မှာ သွားစောင့်နေချင်တော့သည် ... နွေးကို မတွေ့ရတာ ကြာနေပြီဖြစ်သလို အလုပ်အကြောင်း ပြောပြစရာတွေလဲ အများကြီးတွေးထားမိသည် ... ။ နွေးကို ဒေါသထွက်ရမှာ နာကျင်ရသဖြင့် ကိုယ့်ကိုကိုယ်ပဲ ဒေါသထွက်ရင်းနဲ့ ဘာကို အလိုမကျ ဖြစ်လို့ဖြစ်နေမှန်းမသိပဲ ရုံးခန်းထဲမှ ပင် နွေးရဲ့ ဆိုင်လေးကို ချောင်း ကြည့်နေရတာ သိပ်ကြာနေပြီဟု လင်းသူ ခံစားနေရသည် ... ။သို့ပေမဲ့ တင့်နိုင်တို့နဲ့ ညမှ ချိန်းထားတာ ဖြစ်သဖြင့် အလုပ်ဆင်းချိန်ထိတော့ စောင့်ရပေဦးမည် .. ။ လင်းသူ မှန်မှ ကြည့်နေတုန်း အောင်လေးရဲ့ ကား အပြာရောင်လေးက လင်းသူ မြင်ကွင်းထဲမှာ ရပ်တန့်သွားသည် ... ထိုကားပေါ်မှ ဆင်းလာသူက နွေး ဖြစ်နေ၍ လင်းသူ ရဲ့ ကြည်လင်နေသော မျက်နှာ တည်တည်ကြည်ကြည်က မိုးရိပ်မိုးသားတွေ ချက်ချင်း တက်လာသကဲ့သို့ ဖြစ်နေသည် .... ။ လင်းသူ အတွေးတို့နဲ့ ဘယ်လောက်ကြာကြာ ပြတင်းတံခါးနားရပ်နေမိသည် မသိ .. တံခါးခေါက်သံကြားမှ သတိပြန်ဝင်လာသည် ...။
"အောင်လေး ... ဘာကိစ္စလဲ မင်းက .."
လင်းသူ အောင်လေးကို တွေ့လိုက်သဖြင့် စိတ်တိုရာက ဘောက်ဆတ်ဆတ် မေးလိုက်သည် ...
"ဖြေးဖြေးပေါ့ကွ .. မင်းကလည်း .. ငါဒီနား ခဏလာရင်းနဲ့ မင်းဆီ ဝင်လာတာ .. အလုပ်မစ သေးဘူးမလား .. ဒီည ချိန်းထားတာ မမေ့နဲ့ဦး ..."
လင်းသူ တချက် ဘုကြည့်ကြည့်ကာ .. "ဒီည လာချင်မှ လာဖြစ်မှာ ငါ အလုပ်ပြီး၊ မပြီး မသေချာသေးဘူး ... မင်းလဲ ပြန်တော့လေ .. ငါ အစည်းဝေးရှိသေးတယ် ..."
"အေးပါ .. ဟုတ်ပါပြီ .. ငါလည်း သွားတော့မှာပါ .. ဪ ဒါနဲ့ အဲဒီဆိုင်က နွေးထိုင်တာနော် .. မင်း သိပြီးပြီမလား .. " လင်းသူက စားပွဲမှာထိုင်ပြီး အလျင်လိုနေဟန်ပြတာနဲ့ အောင်လေး ပြန်ထွက်လာခဲ့သည် ... ဒီနေ့ ဖြူ့ကို လိုက်ပို့ရင်း နွေးကိုပါ ခေါ်ခဲ့တာမို့ အောင်လေး ဒီဘက်ရောက်နေခြင်းဖြစ်သည် .. သူငယ်ချင်းအခန်းရှိရာဘက် မော့ကြည့်တော့ လင်းသူအရိပ်လိုလို မြင်လိုက်တာနဲ့ အခြေအနေ လာကြည့်တာပင် ... ခုကြည့်ရတာ ကိုလင်း နွေးကို စိတ်ဝင်စားနေပုံရသည် .. ကိုလင်းက ပုံမှန်ဆို တည်ငြိမ်ပြီး စကားပြောအေးဆေးသူပါ .. တခါတလေ အလုပ်များနေရင်ရင်တောင် ဒီလို ပြောခဲသည် ... ခုက သူ တစ်ခုခုကို မကျေနပ်လို့ ဘုတိုက်နေသည် .. ဆိုတာ ထင်ထင်ရှားရှားပင် .. ။
~~~~ ~~~~
ကိုလင်း ဖေဖေ ညွှန်ကြားမှုနဲ့ ဖြူ မနက်တိုင်း ကိုလင်းနဲ့ ရုံးအတူသွားရသော်လည်း ညနေပိုင်း ရုံးဆင်းချိန်မတူ၍သာ ချစ်ရသူ ကိုလေးနှင့် တွေ့ခွင့်ရခြင်းဖြစ်သည် ....
သည်နေ့ညဘက်တော့ ကိုလေး သူငယ်ချင်းတွေနဲ့ ချိန်းထားသဖြင့် မနက်ပိုင်း ဖြူ့ဆီ လာတွေ့မှာမို့ ဖြူ တမင်တကာပင် နောက်ကျမှ အိမ်က ထွက်လာခြင်းဖြစ်သည် .. ဖြူပါလျှင် နွေး ပါစမြဲကြောင့် ဖြူတို့ ချစ်သူနှစ်ယောက်တည်း ဘယ်တော့မှ လွတ်လွတ်လပ်လပ်မရှိသော်လည်း နွေးရဲ့ ဆိုင်ထဲရောက်လျှင်တော့ လုံခြုံသွားသလို ဖြူ ခံစားရသည် ..
~~~ ~~~~~
အလုပ်သိမ်းခါနီး လင်းသူရဲ့ ဟန်းဖုန်းမြည်လာသဖြင့် ကြည့်လိုက်တော့ ကိုတင့်တို့ဆက်တာပင် ... ။
"ဟဲလို .."
"ကိုလင်း .. မလာသေးဘူးလား .. ငါတို့ လူစုံပြီ ... "
"အေးကွာ ... ဒီနေ့ ငါ အလုပ်မပြီးသေးလို့ ..." ဆိုသော အကြောင်းပြချက်ဖြင့် လင်းသူ ငြင်းလိုက်သည် .. တင့်နိုင်တို့က သဘောမပေါက်၊ အလုပ်ဆင်းချိန်ရွေးပြီး သူငယ်ချင်းတွေဆုံတာကို မလာရကောင်းလားဟု ဒေါသထွက်နေပေမဲ့ ... အောင်လေးကတော့ လင်းသူရဲ့ စိတ်အခြေအနေကို ရိပ်မိနေပါပြီ ... ။
~~~~ ~~~~~
ဒီနေ့ သူတို့ သူငယ်ချင်းတွေ ဆုံမှာမို့ လင်းသူ ကိုတွေ့ရမည်ဟု .. နွေး မျှော်လင့်ခဲ့သော်လည်း သူက အလုပ်မအားဟု ဆိုလေသည်တဲ့ ... နွေး စိတ်ပျက်သွားရသည် ... သူ ဘာဖြစ်ပြန်တာပါလိမ့် ... ဟိုတစ်ခေါက် မိုးလင်းနဲ့ ထိုင်နေတုန်း သူ့ကိုတွေ့လိုက်လို့ ထွက်ကြည့်တော့ လူကမရှိတော့ ... ။ မဟုတ်မှ လွဲရော ဒီအရွယ်ကြီးနဲ့ အူတိုတာတော့ မဖြစ်နိုင်ပါဘူးနော် ... အူတိုရအောင် ကိုယ်ကလည်း သူ့လူမှ မဟုတ် .... ။ ဒါပေမဲ့ အဲဒီနေ့နောက်ပိုင်းက စ ကိုလင်းပျောက်နေသည်ကတော့ ထူးဆန်းသည်ပဲ... လူဝင်ဘဲလ်သံလေးက နွေးအတွေးတို့ကို ရပ်တန့်သွားစေသဖြင့် ကြည့်လိုက်တော့ .... ကိုလင်း ... ကဆိုင်ထဲဝင်လာသည် .. နွေးက မလာဘူးဆိုကာ ရောက်လာသူကို ငေးကြည့်နေတုန်း သူ့နောက်ကပ်လျက်ပါလာသူက .... ဖြူ ....။ ဘယ်လို ... ဘယ်လိုတွေ ဖြစ်ကုန်တာပါလိမ့် ... ဖြူက အောင်လေးရဲ့ ချစ်သူပါ ... ခု ... ခုသူတို့နှစ်ယောက်က ... ။ အလုပ်မအားရတဲ့ အကြောင်းပြချက်က ဖြူများလား ....။ နွေး အံ့သြနေစဉ် ဖြူတို့က ပြုံးရွှင်စွာပင် ကိတ်မုန့်ရွေးနေကြသည် ... ဖြူက ရက်အနည်းငယ်နဲ့ အဲ့သလောက် ပြောင်းလဲသွားစရာမရှိ .. နွေးသူငယ်ချင်းကို နွေးနားလည်သည် .. ဒါ ကိုလင်း တမင် လုပ်ပြနေတာ ဟု ထင်ချင်ပေမဲ့ တဖက်ကလည်း ကိုလင်းကတော့ အဲ့ဒီလောက်ကလေးဆန်မှာ မဟုတ်ပါဘူးလို့ တွေးမိပြန်တယ် .. ဒါပေမဲ့ ဖြူနဲ့ ကိုလင်းနဲ့က ဘယ်လို ပတ်သက်တာပါလိမ့်လို့ နွေးတွေးမိနေတာ မမှားပါဘူးနော် ....
"တောက် ..."
တက် တစ်ချက်ခေါက်သံနဲ့အတူ ဆိုင်ထဲမှ ထ ထွက်သွားသူက တော့ ... အောင်လေးမှ လွဲ အခြားသူမရှိနိုင် .... ။
ဆက်ရန် နားခွင့်ပြုပါဦးရှင်
ရွှင်လန်းကြပါစေ ..
စာဖတ်သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်လျက်
Credit #
ÑoVâ
No comments:
Post a Comment